Paradise Dynasty

by Thit Htoo for Food Magazine

          နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိခဲ့တဲ့ Paradise Dynasty ရဲ့  မြန်မာပြည်ဆိုင်ခွဲကို လွန်ခဲ့တဲ့ ၃ လလောက်က စဖွင့်လိုက်ပြီလို့ ဒီလိုအစချီလိုက်ရင် ဘာမှန်းသိမှာ မဟုတ်ပါဘူး။ ဒီတော့ Paradise Dynasty ဆိုတာ ဘာဆိုင်လဲ၊ ဘယ်လိုအစားအစာတွေ ရောင်းပေးနေတာလဲဆိုတာ သိရအောင် ကျွန်တော်တို့ Eating Out အဖွဲ့သားတွေ Junction Square ဘေးက  အသစ်ဖွင့်လိုက်တဲ့ Crystal Tower မြေညီထပ်မှာ ဖွင့်ထားတဲ့ Paradise Dynasty ဆိုင်ကို ရောက်ခဲ့ပါတယ်။

          စင်ကာပူအခြေစိုက် တရုတ်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ ရှောင်လုံးပေါင်းလို့ ခေါ်တဲ့ ဟင်းချိုဖက်ထုပ်ကို အဓိကထားရောင်းချပါတယ်။ တရုတ်နိုင်ငံရဲ့ ရှေးရိုးရာ ဟင်းချိုဖက်ထုပ်ဖြစ်တဲ့ ရှောင်လုံးပေါင်းကို ဆန်းသစ်တီထွင်ထားတဲ့ ၈ ရောင်စုံ ရှောင်လုံးပေါင်းနဲ့ နာမည်ကြီးလူသိများလာတဲ့ Paradise Dynasty ဆိုင်ရဲ့ အပြင်အဆင်က ထူးခြားပါတယ်။ အမြဲတမ်း ဧည့်ကြိုတစ်ယောက်ကစောင့်ပြီး တံခါးဖွင့်ပေးနေတဲ့ ဆိုင်တွေနဲ့ ရင်းနှီးနေကျ ကျွန်တော်တို့အတွက်တော့ ခလုတ်နှိပ်မှ တံခါးပွင့်ပြီး အထဲဝင်ရတဲ့ အတွေ့အကြုံက အသစ်အဆန်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ တံခါးပွင့်သွားတာနဲ့ ရင်းနှီးဖော်ရွေတဲ့ နှုတ်ခွန်းဆက်သံ ကြားရပြီးတဲ့အချိန်ကစပြီး Paradise Dynasty ရဲ့ မမေ့နိုင်စရာ အတွေ့အကြုံစတင်ပါပြီ။

          သစ်သားပရိဘောဂတွေနဲ့ စားပွဲပေါ်မှာပြင်ဆင်ထားတဲ့ ကြွေထည်ပစ္စည်းတွေက မတူညီတဲ့နေရာဒေသတိုင်းမှာ ရှိနေတဲ့ Paradise Dynasty ဆိုင်ခွဲတိုင်းမှာ တွေ့ရမယ့် အမှတ်အသားတစ်ခုပါ။ စားပွဲပေါ်မှာပြင်ဆင်ထားတဲ့ ကြွေထည်တွေပေါ်မှာကတော့ Paradise Dynasty စာသားကို တရုတ်လို ရိုက်နှိပ်ထားပြီး ရှောင်လုံးပေါင်းမှာ အငွေ့လေး ထနေတဲ့ လိုဂိုလေးတောင် ပါလိုက်သေး။

          စင်ကာပူအခြေစိုက်ပြီး တရုတ်နိုင်ငံအပါအ၀င် အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ ဆိုင်ခွဲတွေကို တစ်ပုံစံတည်း၊ တစ်ထေရာတည်း ဖွင့်လှစ်လာခဲ့တဲ့ Paradise Dynasty ရဲ့  မြန်မာပြည်ဆိုင်ခွဲလေးမှာတော့ အတွင်းခန်း အပြင်အဆင်ကို အရိုးရှင်းဆုံး ပြင်ဆင်ထားတာကလည်း စိတ်ကြည်လင်ပြီး လွတ်လပ် ပေါ့ပါးစေတဲ့ ခံစားမှုမျိုးကိုရပါတယ်။

          တရုတ်ရှေးရိုးရာကြွေအိုးလေးတွေလောက်ပဲ အလှဆင်ပစ္စည်းအနေနဲ့ စားသောက်ခန်းမကြီးရဲ့ အလယ်က  နှစ်ဖက်လှ စင်ကြီးပေါ်မှာ ရှင်းရှင်းလင်းလင်း အလှဆင်ထားတာ တွေ့ရပါတယ်။ Crystal Tower ရဲ့ Junction Square ဘက်ခြမ်း မြေညီထပ်မှာရှိတာကြောင့် မှန်နံရံကြီးတွေကတစ်ဆင့် Junction Square ရဲ့  မြင်ကွင်းကို ငေးကြည့်ရင်း တရုတ်ပြည်ကို အစားအစာခရီးစဉ် စတင်ရပါတော့မယ်။

          တရုတ်နိုင်ငံမြောက်ဖျားကနေ တောင်ပိုင်းအထိ ဟင်းလျာတွေစုစည်းပေးထားတဲ့ အမျိုးပေါင်း ၁၀၀ နီးပါး ဟင်းလျာအမည်တွေထဲက ပထမဦးဆုံး မြည်းစမ်းကြည့်ဖြစ်တာ Paradise Dynasty ရဲ့  အမှတ်အသားစားဖွယ်ဖြစ်တဲ့ ၈ ရောင်စုံ ရှောင်လုံးပေါင်း ဖြစ်ပါတယ်။  ရိုးရာအရသာကနေ ကွဲထွက်လာတဲ့ နိုင်ငံတကာအရသာတွေကို အရောင် ၈ ရောင်နဲ့ ခွဲခြားထားလို့ ၈ ရောင်စုံ ရှောင်လုံးပေါင်းလို့ နာမည်ပေးထားတာဖြစ်ပါတယ်။ ဓာတုဆိုးဆေးတွေ မပါဘဲ သဘာဝအတိုင်း ဟင်းသီးဟင်းရွက်တွေနဲ့ ပင်လယ်စာတွေကရတဲ့ အရောင်တွေကိုပဲ သုံးထားပြီး အရောင်လေးတွေ တစ်ခုချင်းစီက မတူညီတဲ့အရသာ တစ်ခုချင်းစီကို ကိုယ်စားပြုပြီး အရသာတွေကလည်း ပျော့ရာက ပြင်းသွားမယ့် အရသာလေးတွေ ဖြစ်တာကြောင့် အရောင်အနုဆုံးကနေ အရောင်ရင့်ရင့်တွေစီကို တစ်ခုချင်း အစဉ်လိုက် စားသွားလိုက်တာဖြင့် မတူညီတဲ့ အရသာခံစားမှု အစုံကို ခံစားရပြီး အရမ်းကျေနပ်နှစ်သက်စေတဲ့  စားဖွယ်ဖြစ်ပါတယ်။ အရသာတွေကိုရှင်းပြရမယ်ဆိုရင်တော့  ရိုးရာအတိုင်း အဖြူရောင်မူလအရသာရှောင်လုံးပေါင်၊ ကြက်သွန်ဖြူအရသာ ရှောင်လုံးပေါင်းက ကော်ဖီရောင် လေး၊ အစိမ်းရောင်လေးကျပြန်တော့ ဂျင်စင်းအရသာ၊ ပြင်သစ်စာတွေမှာ လူကြိုက်များတဲ့ Foie Gras လို့ခေါ်တဲ့ ငန်းအသည်းကျပြန်တော့ လိမ္မော်ရောင်လေးနဲ့ လုပ်ထားပါတယ်။ ချိစ်အရသာကိုတော့ အ၀ါရောင်၊ ကဏန်းဥ အရသာအတွက် ပန်းလိမ္မော်ရောင်၊ Black Truffle လို့ တစ်ကမ္ဘာလုံးကသိတဲ့ မှိုအမည်းအရသာကိုတော့ အမည်းရောင်၊ အရသာအပြင်းဆုံး၊ အစပ်ဆုံး စီချွမ်ငရုတ်သီး အရသာအတွက်ကတော့ အနီရောင်အကာတွေနဲ့ ဖန်တီးပေးထားပါတယ်။ အရောင်တွေကို ဖန်တီးရာမှာလည်း အနီရောင်အတွက် တရုတ် ဆန်နီ၊ အမည်းရောင်အတွက် ပြည်ကြီးငါးမှင်နဲ့ ပေါ့ချိုက်လို့ခေါ်တဲ့ မုန်လာရွက်စိမ်း တစ်မျိုးကိုတော့ အစိမ်းရောင်အတွက် ဖန်တီးပြီး အဲဒီ အခြေခံအရောင် ၃ ရောင်ကနေပြီး ကျန်တဲ့အရောင်တွေ ရအောင် တွဲဖက်ရောစပ်ပြီး ရောင်စုံရှောင်လုံးပေါင်းလေးတွေရဲ့ ဖက်သားကို လုပ်ယူထားတာလို့ သိရပါတယ်။

          ဆိုင်ဝန်ထမ်းတွေနဲ့ Kitchen Team ကို ဆိုင်မဖွင့်ခင်ကတည်းက တရုတ်ပြည် ရှန်ဟိုင်းကို ခေါ်ယူကာ သင်တန်းပေးလေ့ကျင့်စေခဲ့ပြီး Franchise ဆိုင်ခွဲတွေရဲ့ စံပုံစံ တစ်ထပ်တည်းဖြစ်နေစေဖို့အတွက်  အရသာနဲ့ပတ်သက်သမျှ  အရောအစပ်တွေအားလုံးကို ပင်မကုမ်္ပဏီကပဲ  တာဝန်ယူ ပို့ဆောင်ပေးနေတာကြောင့် အရသာရဲ့ အရည်အသွေးကတော့ ဘယ်နိုင်ငံသွားသွား  ဒီပုံစံ၊ ဒီအရသာကိုပဲ ရနေမှာဖြစ်ပါတယ်။

          ရှောင်လုံးပေါင်ကို နည်းမှန်လမ်းမှန်နဲ့ စားသောက်ရတဲ့ နည်းလေးကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဂျုံသားနူးနူးညံ့ညံ့လေးကို ၁၈ ခေါက်ကျအောင် ချိုးခေါက်ထားတဲ့ ထိပ်ဘက်က အရှုံ့လေးကို တူလေးနဲ့ အသာညှပ်ယူပြီး စားပွဲပေါ်မှာ အဆင်သင့်ရှိနေတဲ့ ကြွေဇွန်းလေးထဲထည့်။ တူထိပ်လေးနဲ့ ကြွေဇွန်းထဲရောက်နေပြီဖြစ်တဲ့ ရှောင်လုံးပေါင် အခြေနားလေးကို အသာလေးထိုးဖောက် လိုက်တယ်ဆိုရင် အထဲက ဟင်းချိုရည်လေးတွေက အပြင်ကြွေဇွန်းထဲကို ထွက်လာတဲ့အခါ  ဟင်းချိုပူပူလေးကို နှုတ်ခမ်းလေးနဲ့ အသာလေးစုပ်သောက်ပြီးတော့မှ စားပွဲပေါ်မှာ အမြဲအဆင်သင့်ရှိတဲ့  ချင်းအမျှင်လေးတွေနဲ့ ပဲငံပြာရည်လေးနည်းနည်းစီကို ဇွန်းထဲက ရှောင်လုံးပေါင် ဘေးမှာထည့်ပြီး စားကြည့်ရတာကလည်း တစ်မျိုးထူးခြားသလို ရှောင်လုံးပေါင်းပူပူနွေးနွေးလေးကို အလုံးလိုက် ပါးစပ်ထဲထည့်ပြီး ၀ါးလိုက်မှ ဟင်းရည်ပူပူနွေးနွေးလေးက ခံတွင်းအနှံ့ စီးဆင်းထွက်လာတဲ့ အထိအတွေ့ကလည်း စွဲမက်ဖွယ်ကောင်းလှပါတယ်။ ဒီလိုအထိအတွေ့ထူးတွေနဲ့ အရသာ စုံလင်အောင် ပေါင်းစပ်တီထွင်ထားတဲ့ ၈ ရောင်စုံ ရှောင်လုံးပေါင်းကတော့ ဘယ်မှာ လူကြိုက်မများဘဲ နေမလဲဗျာ။

          နောက်ထပ်မြည်းစမ်းကြည့်မိတာကတော့ ကြည့်လိုက်ရင် ခေါက်ဆွဲကြော်လို့ အမြင်အထင်မှားစေတဲ့ ပီကင်း တော်ဝင်ဝက်စဉ်းကောကြော်ဖြစ်ပါတယ်။ ၀က်စဉ်းကော အသားလေးတွေကို ခေါက်ဆွဲလုံးလေးတွေလို နန်းဆွဲပြီး ပဲငံပြာရည်၊ ဟင်းချက်ဝိုင်စတာတွေနဲ့ ရောစပ်ပြီး မွှေကြော်ကြော်ထားတဲ့ ဟင်းလျာတစ်မျိုးကိုတော့ ဂျုံပြားဖက်လေးထဲမှာ ကြက်သွန်မြိတ်လေးတွေနဲ့အတူထည့်ပြီး စားရတဲ့ ဟင်းလျာစားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဟင်းလျာချက်ပြုတ်ရာမှာ သုံးတဲ့ တရုတ်ဟင်းချက်ဆော့စ်ရည်များရဲ့ အရသာနဲ့ မီးနံ့သင်းသင်းကြော်လှော်ထားတဲ့ရနံ့ ၂ မျိုး ပေါင်းစပ်မှုကို ဒီဟင်းလျာမှာ အထူးသတိထားမိမှာ ဖြစ်ပါတယ်။

          နောက်ထပ်ဟင်းလျာတစ်မျိုးကတော့ ခုံးခြောက်နဲ့ ငါးကြက်ဥမွှေ ဖြစ်ပါတယ်။ နာမည်ဆန်းသလို သမိုင်းကြောင်းကလည်း ဆန်းကြယ်ပါတယ်။ တရုတ်ရာဇ၀င်ထဲမှာ ရှင်ဘုရင်တစ်ပါးဟာ ကဏန်းသားကိုစားလိုတာကြောင့် စားတော်ကဲကြီးကို ကဏန်းသားဟင်းလျာချက်ပြုတ်ဖို့ အမြဲခိုင်းစေလေ့ရှိပါတယ်။ တစ်နေ့ မင်းကြီး ကဏန်းသား စားလိုတဲ့အချိန်မှာ တိုင်းပြည်ထဲမှာ ဘယ်လိုမှ ကဏန်းသား ရှာမရတာကြောင့် ဘုရင့်စားတော်ကဲကြီးဟာ ဒီနေ့ ကျွန်တော်မျှဝေပေးတဲ့ ဟင်းလျာဖြစ်တဲ့ ခုံးခြောက်နဲ့ ငါးကြက်ဥမွှေကို ဟင်းလျာအဖြစ် ဖန်တီးပြီး ဘုရင်ကို ဆက်သရာမှာ အလွန်နှစ်သက်တော်မူခဲ့တာကြောင့် အဲဒီ ဟင်းလျာဟာ ခေတ်အဆက်ဆက် တော်ဝင်ဟင်းလျာအနေနဲ့ နာမည်ကြီးလာခဲ့တယ်လို့ သိရပါတယ်။ ဒီခေတ် စကားနဲ့ပြောရရင်တော့ တရုတ်ရာဇ၀င်ထဲမှာ စားဖိုမှူး တစ်ယောက်က မင်းဧကရာဇ်တစ်ပါးကို ချင်းထည့်ခဲ့ဖူးတယ်ပေါ့ဗျာ။

          နောက်ထပ်ဟင်းလျာတစ်မျိုးကတော့ ဒီဘက်နှစ်တွေမှာ နာမည်ကြီးပြီး လူသိများ လူကြိုက်များလာတဲ့ တရုတ်ပြည်တောင်ပိုင်း ဟင်းလျာတစ်မျိုးဖြစ်တဲ့ စီချွမ် ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ ပဲပိစပ်ဆီကိုသာသုံးထား ပြီး ကြည့်လိုက်ရင် ဆီတွေများလွန်းတယ်လို့ ထင်ရလောက်အောင် ပန်းကန်အပြည့်ဆီတွေဝေ့နေတဲ့ စီချွမ်မာလာ ငါးဟင်းကတော့ ပူပူစပ်စပ်နဲ့ စီချွမ်ငရုတ်ကောင်းရဲ့ အရသာအပြည့်ပေးတဲ့ ဟင်းလျာမျိုးဖြစ်ပါတယ်။ ငါးရဲ့ အသားလွှာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်တာကြောင့် အသားများများကို အရသာရှိရှိရမယ့်ဟင်းလျာမျိုးဖြစ်ပြီး အမြင်မှာ ဆီများတယ်ထင်ရပေမယ့်  အောက်ဘက်က ဟင်းသီးဟင်းရွက်မျိုးစုံကို အချိန်ယူချက်ပြုတ်ထားတဲ့ ဟင်းရည်ရဲ့  အပေါ်ယံလေးမှာပဲ ရှိနေတဲ့ ဆီတွေဖြစ်ပါတယ်။ အရှေ့မှာအရသာပျော့ပျော့ ဟင်းလျာလေးတွေကို တစ်မျိုး ပြီး တစ်မျိုး စားလာပြီးတဲ့နောက် အဆုံးမှာ ဒီအရသာပြင်းပြင်း ဟင်းရည်တွေ သောက်လိုက်ရတော့ စိတ်ခံစားမှုမှာ ပြီးပြည့်စုံသွားပါတယ်။ ၀ါသနာပါတယ်၊ အရသာကိုကြိုက်မယ်ဆိုရင် စီချွမ်ငရုတ်ကောင်းအစေ့လေးတွေကိုပါ စိတ်ကြိုက်ဝါးနိုင်ပါသေးတယ်နော်။

          အားလုံးစားသောက်ပြီးသွားရင်တော့ နောက်ဆုံး ၀မ်းအေး အစာကြေညက်စေတဲ့ ပျားသံပရာရှားစောင်း လက်ပတ်အချိုပွဲလေးကို မြည်းစမ်းကြည့်မိပါတယ်။ ရှားစောင်းရဲ့ စိမ်းရွှေတဲ့အနံ့၊ ခါးသက်တဲ့အရသာကို ပျားသံပရာနဲ့ Goose Berry တို့အပြင် ပန်းပေါင်းစုံတို့ရဲ့ ရနံ့တွေနဲ့ ခြေဖျောက်ပေးထားပြီး အေးအေးလေးစားရတဲ့ မွှေးရနံ့စုံလင်လှတဲ့ အချိုပွဲတစ်မျိုး ဖြစ်ပါတယ်။

          Eating Out ပရိသတ်များခင်ဗျာ။ အခု ကျွန်တော် မျှဝေပေးခဲ့တာကတော့ Paradise Dynasty ရဲ့ များစွာလှသော စားသောက်ဖွယ်ရာများထဲက အနည်းငယ်မျှသော ဟင်းလျာအချို့နဲ့ Paradise Dynasty ရဲ့  နာမည်ကျော် Signature ဖြစ်တဲ့ ၈ ရောင်စုံ ရှောင်လုံးပေါင်းအကြောင်း တင်ပြပေးခဲ့တာဖြစ်ပါတယ်။

          နောက်ထပ်လည်း Paradise Dynasty ရဲ့  စားသောက်ဖွယ်စာရင်းတွေထဲမှာ တရုတ်နိုင်ငံ တစ်နံတစ်လျား ကောင်းပေ့ဆိုတဲ့ ဟင်းလျာတွေ ရှိနေသေးတယ် ဆိုတဲ့အကြောင်း အသိပေးရင်း ဒီတစ်ခေါက် Eating Out အစီအစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။

          Paradise Dynasty ကို အရောက်သွားပြီး သုံးဆောင်မယ်ဆိုရင်တော့ ဖုန်းနံပါတ် 09 979 313 333 ကို ဆက်သွယ်ပြီး ကြိုတင်ဘိုကင်လုပ်ထားလို့ ရပါတယ်။

Facebook Comments