PASTA MANIA CASUAL DINING

eating_2   eating_3

eating_6 eating_5 eating_4 eating_7

eating_12 eating_11 eating_10 eating_9

PASTA MANIA CASUAL DINING

            ရန်ကုန်မြို့၊ အမှတ် (၇)၊ အင်းလျားလမ်းက Pasta Mania ဆိုတဲ့ဆိုင်လေးအကြောင်း ဒီလရဲ့  Eating Out ကဏ္ဍကနေ မိတ်ဆက်ပေးချင်ပါတယ်။ စင်္ကာပူအခြေစိုက် Franchise ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Pasta Mania ကတော့ နိုင်ငံပေါင်း ၉  နိုင်ငံမှာ ဆိုင်ခွဲတွေရှိနေပြီဖြစ်ပါတယ်။ ဆိုင်ဝင်ဝင်ချင်းမှာတွေ့ရတဲ့ Aldente Style Cooking လို့ ရေးထားတဲ့အဓိပ္ပာယ်က ‘အီတလီရိုးရာ ချက်ပြုတ်နည်းအတိုင်း ချက်ထားတယ်’ လို့ ဆိုပါတယ်။ ဆိုင်တစ်ဆိုင်ရဲ့ အစားအစာများ အရသာကောင်းပြီး လူကြိုက်များဖို့ဆိုတာ အစားအစာချက်ပြုတ်တဲ့ ကုန်ကြမ်းပစ္စည်းအရည်အသွေးကောင်းဖို့ လိုအပ်ရုံသာမက၊ ချက်ပြုတ်နည်းစနစ်မှန်ကန်ဖို့၊ ချက်ပြုတ်ပုံသန့်ရှင်းစနစ်ကျဖို့လည်း အထူးလိုအပ်ပါတယ်။ ဒီလိုအချက်တွေပြည့်စုံဖို့အတွက် Pasta Mania  ဟာ သူ့စားဖိုမှူးအဖွဲ့နဲ Service ဝန်ထမ်းများကို စင်္ကာပူမှာခေါ်ယူပြီး သင်တန်းတွေပေးပြီးမှ တာဝန်ပေးအပ်ခန့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

            အင်းလျားလမ်းမပေါ် ဓမ္မစေတီလမ်းမီးပွိုင့်နားမရောက်ခင် ညာဘက်ခြမ်းက ဥရောပဆန်ဆန်ဆောက် လုပ်ထားတဲ့ အဖြူရောင်အဆောက်အဦမှာ Pasta Mania တည်ရှိပါတယ်။ Casual Dining ဖြစ်တာကြောင့် လွတ်လပ်ပျော်ရွှင်စွာနဲ့ စားသောက်နိုင်မယ့် နေရာလေးတစ်ခုဖြစ်မယ်ဆိုတာ ဆိုင်ဝင်ဝင်ချင်းတွေ့ရတဲ့ ဧည့်ကြို ဝန်ထမ်းရဲ့အပြုံးနဲ့ ဖော်ရွေတဲ့ နှုတ်ခွန်းဆက်စကားတွေကနေ ခံစားလိုက်ရပါတယ်။ Open Kitchen နဲ့ ဘားကောင်တာတွေမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကိုလည်း လှမ်းမြင်နေရပါတယ်။ ဝါသနာပါရင် ကောင်တာရှေ့သွားရပ်ကြည့်ပြီး မီးဖိုထဲမှာ ချက်ပြုတ်နေတာတွေကိုလည်း စပ်စုလို့ရပါသေးတယ်။ ကျောက်သားစားပွဲဝိုင်းလေးတွေနဲ့ သစ်သားစားပွဲလေးတွေကို သူနေရာနဲ့သူ စီစဉ်ထားပြီး စားပွဲတွေပေါ်မှာ ဇွန်း၊ ခက်ရင်းနဲ့ စက္ကူလက်သုတ်ပုဝါ (Paper Napkin) ကလွဲပြီး ဘာမှထွေထွေထူးထူး မပြင်ဆင်ထားတာက Casual Dining ရဲ့ လွတ်လပ်တဲ့ ခံစားမှုကို အပြည့်အဝပေးနေပါတယ်။ မိတ်ဆွေသူငယ်ချင်းများ တွေ့ဆုံစားသောက်ဖို့အတွက် သင့်တော်တဲ့နေရာဖြစ်မယ်လို့ စိတ်ထဲက မှတ်ချက်ပြုမိလိုက်ပါတယ်။ နှစ်ထပ်ရှိတဲ့ Pasta Mania ဆိုင်ရဲ့အပေါ်ထပ်က ပိုပြီး ထူးခြားပါတယ်။ အီတလီလမ်းမဘေးတွေမှာ တွေ့ရလေ့ရှိတဲ့ သတင်းစာရောင်းတဲ့ဆိုင်၊ အိမ်လုပ်ပါစတာ ရောင်းတဲ့ဆိုင်၊ ပေါင်မုန့်ဆိုင်၊ စတဲ့ဆိုင်လေးတွေရဲ့မျက်နှာစာပုံဒီဇိုင်းလေးတွေအတိုင်း ပြင်ဆင်ထားတာကြောင့် အီတလီက ဆိုင်လေးတွေအရှေ့မှာ ထိုင်စားရတဲ့အတွေ့ အကြုံအတိုင်း ခံစားရမှာဖြစ်ပါတယ်။ ဒီအပြင်အဆင်တွေကတော့ Pasta Mania ရဲ့ ဘယ်ဆိုင်ခွဲကိုပဲရောက် ပါစေ တစ်ပုံစံတည်းတွေ့ရမယ့် အပြင်အဆင်တွေဖြစ်ပါတယ်။ သီးသန့်ခန်းတွေလည်း ပြင်ဆင်ပေးထားတာကြောင့် မိသားစုသီးသန့်အချိန်လေးများကို Pasta Mania  မှာ ဖြတ်သန်းချင်တယ်ဆိုရင်လည်း အဆင်ပြေ မှာဖြစ်ပါတယ်။ ဒါ့အပြင် Business Meeting တွေ ချိန်းဆိုစီစဉ်နိုင်တဲ့ နေရာအဖြစ်လည်း သင့်တော်မယ့်အပြင် အဆင်မျိုးလို့ ယူဆမိပါတယ်။

            အစားအစာစာရင်းကို လေ့လာကြည့်လိုက်တဲ့ အချိန်မှာတော့ ဈေးနှုန်းသင့်တင့်ပြီး ရွေးချယ်စရာစုံလင် လှတဲ့ များစွာသော အီတလီအစားအစာများကို အမျိုး အစားအုပ်စုခွဲပြီး စုစည်းထားတာတွေ့ရပါတယ်။ ကဲ ခံတွင်းဖွင့်စာလို့ခေါ်တဲ့ Appetizer ကနေ စပြီးဆွဲတော့မယ်ဗျာ။

            Pasta Mania ရဲ့ အစားအစာစာရင်းများထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ Cheddar Cheese Stick ကို Appetizer စာရင်းကနေ ရွေးချယ်မှာယူပြီး မြည်းစမ်းကြည့်ပါတယ်။ ကြွပ်ကြွပ်ရွရွ ကြော်ထားပေးတဲ့ Stick ခပ်နွေးနွေးလေးကို ကိုက်ချလိုက်ချိန်ကျမှ အတွင်းက အရည်ပျော်နေတဲ့ Cheese ရဲ့ အရသာဆိမ့်ဆိမ့် ပူပူနွေးနွေးကို ခံစားရမှာဖြစ်ပါတယ်။ လူကြီးရော ကလေးတွေပါ နှစ်သက်မယ့် ခံတွင်းဖွင့်စာတစ်မျိုးဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ခံတွင်းဖွင့်စာတစ်မျိုးကတော့ Cheese Crumble Italian Fries ဖြစ်ပါတယ်။ French Fries လို့ အမြင်မှားတတ်တဲ့ Corn Meal Stick ကြော်လေးတွေကို French Fries ထက်ပိုပြီး လူကြိုက်များစေတဲ့အချက်ကတော့ Cheese ဆော့စ်ကြောင့် ဖြစ်ပါလိမ့်မယ်။ ခရမ်းချဉ်သီးအနှစ်လေးတွေကလည်း လတ်ဆတ်တာကြောင့် ခံတွင်းအရသာထူးခြားပါတယ်။ Parmesan Cheese Crumble လေးများကလည်း အရသာလေးလေးပင်ပင်နဲ့ ခံတွင်းအာရုံကို ဖြည့်ဆည်း ပေးပါတယ်။

            ဒီနေရာမှာ အရသာထူးခြားလှတဲ့  Pasta Mania ရဲ့ ခရမ်းချဉ်သီးအနှစ်အကြောင်းလေး မေးကြည့်မိတော့ အီတလီနိုင်ငံပါးမားဒေသရဲ့ စိုက်ပျိုးနည်းစနစ်ကောင်းမွန်ပြီး ဓာတုဓာတ်မြေသြဇာမသုံးဘဲ စိုက်တားတဲ့ ခရမ်းချဉ်သီးတွေကနေ ပြုလုပ်ထားတာဖြစ်ပြီး Pasta Mania ဆိုင်ခွဲတိုင်းမှာ စံအဖြစ်ထားရှိသုံးရတဲ့ ခရမ်းချဉ်သီးအနှစ်ဖြစ်တယ်လို့ သိရပါတယ်။

            ဒီတစ်ခါတော့ နောက်ထပ်မှာယူဖို့ အစားအစာ စာရင်းကို လေ့လာကြည့်တော့ ထူးထူးခြားခြား ပြင်ဆင်ထားတာ တွေ့ရပါတယ်။ Pasta Mania ရဲ့ ကိုယ်ပိုင်နည်းစနစ်နဲ့ ပြုလုပ်ပြင်ဆင်ထားတဲ့ Pasta အမျိုးအစား ၅ မျိုး ဖြစ်တဲ့ Panne ၊ Fusilli ၊ Linguine ၊ Spaghetti နဲ့ Wholemeal Spaghetti တို့ထဲက စိတ်ကြိုက် Pasta ကို မှာယူနိုင်မှာ ဖြစ်ပါတယ်။ သတိထားမိပါတာတစ်ခုက Pasta Mania ရဲ့ မီနူးမှာရှိတဲ့အစားအစာ တစ်ခုချင်းစီရဲ့ ကယ်လိုရီကို တွက်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အစားအသောက်ကိုထိန်းပြီး စားချင်သူများအတွက်လည်း တွက်ချက်ပြီးမှ သင့်တော်ရာကို မှာယူနိုင်ပါတယ်။ ပြင်ဆင်ချိန်ချက်ပြုတ်ချိန်ကို ၃ မိနစ်သာယူတဲ့ Pasta Mania ရဲ့ လူကြိုက်များတဲ့ Pasta များစွာထဲက တစ်မျိုးဖြစ်ပြီး အရသာထူးခြားတဲ့ ခရမ်းချဉ်သီးအနှစ်ကိုသုံးပြီး ချက်ပြုတ်ထားတဲ့ Chicken Cheese ကို မြည်းစမ်းကြည့်မိပါတယ်။ မက္ကဆီကန် ငရုတ်သီး Jalapeno ရဲ့ အရသာစပ်စပ်လေးနဲ့ ချိစ်ပါတဲ့ ကြက်အူချောင်းရဲ့ Juicy ဖြစ်တဲ့ အထိအတွေ့၊ အငန်ဓာတ် ပါတဲ့အရသာတွေက လတ်ဆတ်တဲ့ Pasta ရယ် အချဉ်ပါးပါးနဲ့ ချိုမြမြ ခရမ်းချဉ်သီးအရသာတို့ ပေါင်းစပ်ပြီး လိုက်ဖက်ညီလှပါတယ်။ ရွေးချယ်စရာကောင်းတစ်ခုဖြစ်ပြီး Pasta Mania ရဲ့ လူကြိုက်အများဆုံး Pasta တစ်မျိုးအဖြစ်လည်း မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

            နောက်ထပ် မိတ်ဆက်တင်ပြပေးချင်တာကတော့ ခပ်ဆိမ့်ဆိမ့်အရသာကို နှစ်သက်သူများနဲ့ ဆယ်လ်မွန် ငါးကြိုက်သူအများစုနှစ်သက်ကြမယ့် Ravioli DI Salmon ဖြစ်ပါတယ်။ Salmon အစာသွတ်ထားတဲ့ ဖက်ထုပ်လို့ အလွယ်အဓိပ္ပာယ်ဖွင့်လို့ရနိုင်တဲ့ ဒီ Pasta အမျိုးအစားကတော့ ချက်ပြုတ်ပုံအရ အအီဖြေစေဖို့ လီမွန် အရသာအနည်းငယ်လေးကို ပါတယ်ဆိုရုံလေး ထည့်ထားတာကို ခံတွင်းအသိက ခံစားရမှာဖြစ်ပါတယ်။

            ခရင်မ်ဆော့စ်နဲ့ချက်ပြီး လုံးဝမအီတဲ့ နောက်ထပ် Pasta တစ်မျိုးကတော့ Alfredo ဖြစ်ပါတယ်။ ကြက်သား၊ Ham  အသားပြား၊ ပန်းပွင့်စိမ်းတို့ ပါဝင်တာကြောင့် အာဟာရလည်း စုံလင်လှပါတယ်။ ခရင်မ် ဆော့စ်နဲ့ ချက်တဲ့ Pasta ကို ကြိုက်နှစ်သက်သူများအတွက် ရွေးချယ်စရာအဖြစ် မျှဝေပေးလိုက်ပါတယ်။

            Pasta Mania ရဲ့  Premium စာရင်းထဲက မိတ်ဆက်ပေးချင်တာကတော့ PolloAlla Milanese ဖြစ်ပါ တယ်။ Parmesan Cheese နဲ့ကပ်ပြီး ကင်ပေးထားတဲ့ Rosemary Chicken ကို ခရမ်းချဉ်သီးအနှစ်နဲ့ ချက်ထားတဲ့ Pasta ဟင်းလျာအဖြစ် အရွက်သုပ်နဲ့အတူ ပြင်ဆင်တည်ခင်းတာ ဖြစ်ပါတယ်။ Rosemary ရနံ့သင်းလေးနဲ့ အရည်စိုစိုကြက်ကင်ရဲ့ အရသာဟာခရမ်းချဉ်သီးအနှစ်နဲ့ ရောနှောချက်ထားတဲ့ Pasta နဲ့ အတွဲအစပ် အလွန်ကိုက်ညီပြီး Parmesan Cheese ကြောင့်လည်း အရသာကို ပိုမိုလေးနက်စေပါတယ်။ Premium Dish အများစုကတော့ ပြင်ဆင်ချက်ပြုတ်ချိန် ပိုပေးရတယ်လို့ သိရပါတယ်။

            ထမင်းစားရမှ တင်းတိမ်သူမျာအတွက်ကတော့ Ham and Sausage Baked Rice ကို ရွေးချယ်ဖို့ အကြံပေးလိုပါတယ်။ Baked Rice ဆိုတဲ့အတိုင်း အနံ့အရသာပြီးပြည့်စုံအောင် ချက်ပြုတ်ပြင်ဆင်ပြီး ထောပတ် ထမင်းကို Cheese, Ham, Sausage မှို စတာတွေပေါင်းထပ်ပြီး မီးဖိုမှာဖုတ်ပြီး ချက်ပြုတ်ထားတာဖြစ်ပါတယ်။

            နောက်တစ်မျိုး မိတ်ဆက်ပေးချင်တာကတော့ ကလေးငယ်များ  စွဲလန်းနှစ်သက်ကြတဲ့ Pizza ဖြစ်ပါ တယ်။ Pasta Mania ရဲ့  Pizza ကတော့ ပါးပါးလေးနဲ့ အရသာရှိလှတဲ့ Vegetarian Pizza ကို မြည်းစမ်းကြည့်မိပါတယ်။ ထူးခြားချက်ကတော့ Pasta Mania ရဲ့ နည်းအတိုင်း စပ်ထားတဲ့ ဂျုံသားနဲ့ Pizza အောက်ခံသားဖြစ်အောင် စက်အသုံးမပြုဘဲ လက်နဲ့သာလုပ်စေတယ်လို့ ဆိုပါတယ်။ ကွာခြားချက်ကတော့ စက်နဲ့ပြင်းပြင်းနယ်ထားတဲ့ဂျုံသားမှာ အာဟာရဓာတ် လျော့ပါးသွားနိုင်ပါတယ်။ ကြယ်သီးမှို၊ ပန်းငရုတ်ပွ၊ အာတီချုပ်၊ သံလွင်သီး တွေပါတဲ့ Pizza အပြင် လူကြိုက်များတဲ့ Topping မျိုးစုံနဲ့ Pizza အမျိုးအစားများစွာကိုလည်း မှာယူသုံးဆောင်နိုင်ပါသေးတယ်။

            အစားအစားစုံလင်အောင် မြည်းစမ်းပြီးနောက်မှာတော့ လိုက်ဖက်ညီတဲ့ အအေးဖျော်ရည်များကို မိတ်ဆက်ပေးလိုပါတယ်။ ကျန်းမာရေးဦးစားပေးသူများအတွက်ကတော့ Frutti Greenie ကို မြည်းစမ်းကြည့်ဖို့ အကြံပေးလိုပါတယ်။ နာမည်နဲ့လိုက်အောင် စိမ်းနေတဲ့ဖျော်ရည်ကတော့ လတ်ဆတ်တဲ့ ဆလတ်ရွက်တစ်မျိုးကို ကြိတ်ပြီး ဖျော်ရည်ဖြစ်တည်ခင်းပေးတာ ဖြစ်ပါတယ်။

            နောက်ထပ်တစ်မျိုးကတော့ Rosehip & Strawberry Quencher ဖြစ်ပါတယ်။ နွေပူပူနဲ့လိုက်ဖက်ပြီး သစ်သီးများရဲ့ ရနံ့မွှေးမွှေးကြောင့် ပြန်လည်လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်တဲ့အပြင် အစားအစာနဲ့လည်း လိုက်ဖက်ညီလှတဲ့ ဖျော်ရည်မျိုးဖြစ်တာကြောင့် ရွေးချယ်စေချင်ပါတယ်။

            အီတလီကိုရောက်သွားတဲ့ခံစားမှုမျိုးနဲ့ ရိုးရာအစားအစာတွေကို ပြည်တွင်းမှာ အဆင်သင့်သုံးဆောင်ဖို့ ဆိုရင်တော့ အမှတ် (၇) အင်းလျားလမ်းက Pasta Mania ကို ရောက်အောင်သွားဖို့ မျှဝေပေးလိုက်ပါတယ်။ နေရာရဖို့အတွက် စိတ်ချချင်ရင်တော့ ဝ၉  ၉ ၆၃၂၇၇၄၇ဝ ကိုဆက်သွယ်ပြီး စိတ်ကြိုက်နေရာကို ကြိုတင်မှာယူလိုက်ပါ ပရိသတ်ကြီးရေ။

♦   သစ်ထူး   ♦

Facebook Comments