RASA LASA (ဒီအရသာလေးလာစား !!!)

eating-8

eating-9  eating-10

eating-4  eating-5

eating-7 eating-6 eating-2 eating-3

RASA LASA

(ဒီအရသာလေးလာစား !!!)

            ပရိသတ်ကြီးရေ ဒီတစ်လ Eating Out အစီအစဉ်အတွက် မိတ်ဆက်ပေးဖို့ ရောက်သွားတာကတော့ သိမ်ဖြူလမ်းမကြီးပေါ် မြန်မာ့ဂုဏ်ရည်လမ်းထောင့်နားလေးက အသစ်ဖွင့်လိုက်တဲ့ မလေးရှားစားသောက်ဆိုင်အကြောင်း ဖြစ်ပါတယ်။ ဒီဆိုင်လေးကို အခုစာရေးနေတဲ့ အချိန်ရဲ့ လွန်ခဲ့တဲ့တစ်ပတ်ကမှ ဖွင့်ခဲ့တာဖြစ်ပေမယ့် ချက်ချင်းလက်ငင်းဆိုသလို အောင်မြင်မှုရရှိခဲ့တာက ကျွန်တော်တို့ကို အရောက်ပို့ပေးခဲ့တဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ ဆိုင်နာမည် RASA LASA လို့ပေးထားပြီး အရသာလို့ အဓိပ္ပာယ်ရတဲ့ RASA ကို မြန်မာစကား လာစားလို့အသံယူတဲ့ LASA ဆိုပြီး နှစ်မျိုးရောစပ်ပေးထားတဲ့ ဆန်းပြားတဲ့စိတ်ကူလေးဖြစ်ပါတယ်။ ဒီဆိုင်လေးကို မလေးရှားအစားအစာတွေကို နှစ်သက်စွဲလန်းတဲ့ မလေးရှားလူငယ်တစ်ဦးက ရန်ကုန်ရဲ့ဈေးကွက်အတွင်း လိုအပ်နေတဲ့ကွက်လပ်လေးကို ဖြည့်ဆည်းပေးဖို့ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

            မှန်တံခါးနဲ့ ဆိုင်မျက်နှာစာအပြည့် မှန်ချပ်ကြီးများအပြည့်ကာရံထားတဲ့ ဆိုင်ကို ရှာဖွေရလွယ်တဲ့နေရာမှာဖြစ်လို့ စာဖတ်ပရိသတ်များ အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆိုင်မျက်နှာစာကိုကြည့်ရင် ညာဘက်ခြမ်းမှာ ကြက်ကောင်လုံးကင်၊ ကြက်ကောင်လုံးပေါင်း၊ ဘဲကောင်လုံးကင် စတာတွေကို ချိတ်ဆွဲထားတာတွေရမှာ ဖြစ်ပါတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ အပြင်ဘက်အပူဒဏ်က လွတ်ပြီလို့သာ မှတ်လိုက်ပါတော့။ ညာဘက်ဘေးမှာတွေ့ရမယ့် အုတ်သားနံရံပေါ်အောင်လုပ်ထားတဲ့ ဘားကောင်တာကနေ လက်ဖက်ရည်၊ ကော်ဖီနဲ့ အအေး စတာတွေအပြင် စောစောကမြင်တဲ့ ကြက်ကင်၊ ကြက်ပေါင်းတွေကို ကြက်ဆီထမင်းအဖြစ် ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

            တစ်ထပ်ခွဲပုံစံဆောက်လုပ်ထားတဲ့ ဆိုင်ရဲ့အတွင်းပိုင်း အပြင်အဆင်ကို လေ့လာကြည့်မယ်ဆိုရင်လည်း ဆိုင်အတွင်းဘက် ထောင့်ခြမ်းမှာ မီးဖိုဆောင်အခန်းကို မှန်ချပ်ကြီးများ ကာရံထားပြီး အတွင်းမှာ ပြင်ဆင်ချက်ပြုတ်နေတာကို မြင်တွေ့ခွင့်ရအောင် သန့်ရှင်းသပ်ရပ်မှုကို သတိပြုလေ့လာခွင့်ရအောင် စီစဉ်ထားတာ တွေ့ရပါ တယ်။ အပေါ်ထပ်အပိုင်းကို လှမ်းကြည့်မိတဲ့အချိန်မှာတော့ မလေးရှားအစားအစာတွေမှာ မပါမဖြစ်ပါဝင်ရမယ့် ဆော့စ်၊ ငံပြာရည်၊ ဟင်းခတ်အမွှေးအကြိုင် စတဲ့ပါ ဝင်ပစ္စည်းအများစုရဲ့ ပုံတွေကို အနုပညာမြောက်စွာ ပြင်ဆင်ပြထားတဲ့ ပန်းချီကားချပ်များကိုတွေ့ရပြီး မလေးရှားမှာ နာမည်ကြီးလူကြိုက်များတဲ့ လက်ဖက်ရည်ကိုဖျော်တဲ့ အဖျော်ဆရာတစ်ယောက်ရဲ့ပုံကိုလည်း ပြသထားတာတွေ့ရပါတယ်။ အပေါ်ထက် အောက်ထပ် နှစ်ထပ်စလုံးမှာ စားပွဲထိုင်ခုံတွေကို ကိန်းကြီးခန်းကြီးမဆန်အောင် ပြင်ဆင်ထားတာကြောင့် လွတ်လပ်တဲ့ စားသောက်မှုပုံစံကို ခံစားရပါလိမ့်မယ်။

            မလေးရှားမှာ အစားအစာနဲ့ပက်သက်ရင် နာမည်ကြီးလူသိများတဲ့ ပီနန်ဒေသအစားအစာများနဲ့ ညောညာ (Nyonya) လူမျိုးများရဲ့ ရိုးရာဓလေ့အစားအစာများကို နံနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့ အဆာပြေစာများအပြင် လက်ဖက်ရည်၊ ကော်ဖီနဲ့ သစ်သီးဖျော်ရည်အအေးမျိုးစုံ ပါဝင်အောင် စီစဉ်ထားပေးတဲ့ အစားအစာစာရင်းထဲက အရင်ဆုံးမြည်းစမ်းမိတာကတော့ Curry Laksa ဖြစ်ပါတယ်။ မလေးရှားမှာ မနက်စာကစပြီး နေ့လယ်စာ၊ ညစာအထိ အချိန်မရွေးစားကြတဲ့ စားဖူးသမျှအရသာထက် ပိုပြီးအရသာမှန်ကန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မလေးရှားအစားအစာ တော်တော်များများမှာ မပါမဖြစ် Sambal Chili ကို သူ့နေရာနဲ့သူ မှန်ကန်စွာ အသုံးချနိုင်အောင် အမျိုးစုံအောင် ပြင်ဆင်ထားတာကလည်း RASA ရဲ့ မှန်ကန်တဲ့ မလေးရှားအစားအစာ အရည်အသွေးတစ်မျိုး ဖြစ်ပါတယ်။ နောက်ထပ် အမျိုးအစားမတူတဲ့ Sambal Chili တစ်မျိုးပါဝင်တဲ့ အစားအစာတစ်မျိုးကတော့ မလေးရှားအုန်းထမင်းလို့ခေါ်တဲ့ NasiLemak ဖြစ်ပါတယ်။ ညသိပ်အရသာနှပ်ထားတဲ့ ကြက်ကြော်နဲ့ စားသောက်တဲ့ အုန်းနိုရနံ့ သင်းသင်းလေးပါတဲ့ အုန်းထမင်းဟာ အုန်းနို့နံ့စူးစူး မကြိုက်သူတွေ နှစ်သက်မယ့်ပုံစံ ဖြစ်ပါတယ်။ အရသာနယ်ပြီး အချိန်ကြာမြင့်စွာ နှပ်ထားတဲ့ ကြက်သားအရသာကလည်း စွဲမက်ဖွယ် ဟင်းခပ်များရဲ့ မွှေးရနံ့များကြောင့် ထမင်းနဲ့လိုက်ဖက်ညီလှပါတယ်။ စပ်စပ်ချိုချို အရသာရှိလှတဲ့ ငရုတ်အနှစ်ဖြစ်တဲ့ Sambal Chili အမျိုးအစား နောက်တစ်မျိုးကိုလည်း ဒီထမင်းပွဲမှာ မြည်းစမ်းရမှာဖြစ်ပါတယ်။ အတူတူတွဲဖက်စားနိုင်တဲ့ တွဲဖက်စာတွေအနေနဲ့ အန်ချိုဗီငါးခြောက်ကြော် အချားအချားလို့ခေါ်တဲ့ မလေးရှားသီးစုံသနပ်၊ ကြက်ဥပြုတ်၊ မြေပဲကြော်၊ သခွားသီးစုံလို့ပါပဲ။ အုန်းနို့ရနံ့ မစူးလှတဲ့ မြန်မာကြိုက် အုန်းထမင်း မွှေးမွှေးသင်းသင်းလေးကို စားသောက်နိုင်ဖို့ မျှဝေတင်ပြပေးလိုက်ပါတယ်။

            RASA မှာ နောက်ထပ်မြည်းစမ်းကြည့်ခဲ့ရတာကတော့ Roast Dusk Wanton Noodles ဖြစ်ပါတယ်။ မလေးရှားလုပ် ဂျုံခေါက်ဆွဲစစ်စစ်နဲ့ ချက်ထားပြီး ပဲငံပြာရည်သုံးတဲ့ ဆီချက်အသားပူပူနွေးနွေးနဲ့ ကြက်သွန်ဖြူ အရသာပိုကဲတဲ့ Sambal အနှစ်ရဲ့ နှစ်သက်ဖွယ်ရနံ့၊ ဘဲကင်မှာပါတဲ့ ဟင်းခတ်တွေရဲ့ မွှေးရနံ့နဲ့ လတ်ဆတ်တဲ့မုန်ညင်းတို့ ချိုးညီညီ ပေါင်းစပ်ပြီးထားရလာတဲ့ အရသာဟာ RASA ရဲ့  တမူထူးတဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ သွားရေယိုစရာ (Mouth Watering) လို့ ပြောရမယ့် ခေါက်ဆွဲပွဲတစ်မျိုးလည်း ဖြစ်ပါတယ်။

            ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်မှာယူစားသောက်ပြီး နောက်မှာတော့ ချိုတည်းဖို့အတွက် စဉ်းစားရပါတော့မယ်။ သေချာတာကတော့ မလေးရှားဘိုးတီး (BohTea)ပါ။ မလေးရှားကနေ မှာယူတင်သွင်းလာတဲ့ လက်ဖက်ခြောက်ကနေလုပ်တဲ့ လက်ဖက်ရည်လေးတစ်ခွက်၊ အုန်းဆံခြစ်ပြီးသားလေးတွေ ဆား၊ သကြားတို့နဲ့ ရောလိပ်ထားတဲ့ ငှက်ပျောဖက်ထုပ်လိပ်ကြော်ကို မလေးရှား Palm Sauce တစ်မျိုးနဲ့ စားရတဲ့အရသာကလည်း တစ်မူထူးခြားလို့နေပါတယ်။ နောက်ထပ်လည်းရွေးချယ်နိုင်ဖို့ စိတ်လှုပ်ရှားစရာ အချိုပွဲမျိုးစုံရှိနေတဲ့အတွက် စားပြီး သောက်ပြီး အချိုပွဲရှားပါးမှု လုံးဝမရှိတဲ့ RASA LASA ကို သွားရောက်မြည်းစမ်းတဲ့အခါ စုံစုံလင်လင်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

            Food Magazine ရဲ့ Eating Out ပရိသတ်များခင်ဗျာ ဒီနေ့အထိ မြည်းစမ်းဖူးသမျှ Fast Food ဆိုင်များထဲမှာ အရသာမှန်ကန်မှုနဲ့ အရည်အသွေးပိုင်းမှာ တစ်မူထူးပြီး ထွက်ပေါ်လာတဲ့ RASA LASA ဆိုင်ဟာ အစားအသောက်ဘက်မှာ ကမ္ဘာသိ ပီနန်ဒေသဇာတိဖြစ်တဲ့ မလေးလူငယ်တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာဖြစ်တဲ့အပြင် မလေးအစားအစာများကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ဝါရင့်စားဖိုမှူးကြီးထံမှ ဟင်းလျာအကြံဥာဏ်များ ရယူထားတယ်လို့ သိရပါတယ်။ ဒေသစာတွေကို ရောင်းချဝန်ဆောင်မှုပေးရာမှာ ဒေသခံစစ်စစ်တွေရဲ့ ဦးဆောင်မှုက ယဉ်ကျေးမှုအစဉ်အလာနဲ့ အရသာမှန်ကန်မှုကို ပိုမိုပြီးထိရောက်စေတာဖြစ်လို့ ‘လာစား’ လို့ ဖိတ်ခေါ်နေတဲ့ ဆိုင်လေးကိုတော့ ပရိသတ်များအနေနဲ့ သွားရောက်မြည်းစမ်းကြည့်စေဖို့ မျှဝေတင်ပြပေးလိုက်ပါတယ်။

RASA LASA

အမှတ် (၄၆၂)၊ သိမ်ဖြူလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ဖုန်း – ဝ၉ ၄၂၈ဝ၄၂၈၂၈

Facebook Comments