Secret Recipe at Tamwe’s Ocean Center

eating out_2    eating out_5

eating out_8    eating out_7

eating out_9    eating out_11

eating out_12  eating out_13  eating out_10

      Food Magazine စာဖတ်ပရိသတ်ကြီးအတွက် ဒီတစ်လမှာ Eating Out ကဏ္ဍအတွက် ရွေးချယ်တင်ပြပေးချင်တဲ့ဆိုင်ကတော့ တာမွေ Ocean Center အပေါ်ဆုံးထပ်က Secret Recipe ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်နာမည်ဆန်းဆန်းနဲ့ ဒီဆိုင်လေးက စင်္ကာပူအခြေစိုက် Franchise ဆိုင်ခွဲတစ်ဆိုင် ဖြစ်ပါတယ်။ Ocean Center အပေါ်ဆုံးကို တက်သွားရင် စက်လှေကားဘေးမှာ အလွယ်တကူ ရှာဖွေတွေ့နိုင်တဲ့ ဆိုင်အပြင်အဆင်က ကိန်းခန်းမကြီးလွန်းတာကြောင့် လွတ်လပ်ပေါ့ပါးစွာနဲ့ အပန်းဖြေ စားသောက်နိုင်မယ့် ဆိုင်တစ်ဆိုင်ဖြစ်တယ်ဆိုတာ မြင်ယုံနဲ့တင် ခန့်မှန်းမိပါတယ်။

     ဆိုင်အဝင်ဝမှာဘဲ အစားအစာမီနူးကို စင်လေးပေါ်တင်ပြီး ပြထားပါတယ်။ အာရှအစားအစာများဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေး၊ တရုတ် စတဲ့အစားအစာများ၊ ဥရောပနဲ့ အမေရိကန် အစားအစာများကိုပါ စုံလင်စွာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ Chicken Satay ၊ ခံတွင်း ဖွင့်စာတွေအနေနဲ့ ခုနောက်ပိုင်း ကျွန်တော်မိတ်ဆက်ပေးတဲ့ စားသောက်ဆိုင် တော်တော်များများမှာ တွေ့လာရပါတယ်။ Secret Recipe ရဲ့ ဒီခံတွင်းဖွင့်စာကိုလည်း မြည်းစမ်းကြည့်စေချင်ပါတယ်။ Chicken Satay မှာ အဓိကကျတဲ့အချက်က ကြက်သားရဲ့ နူးညံ့မှုဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အမြဲတမ်းပါလေ့ရှိတဲ့ မြေပဲဆော့စ်ပါ Secret Recipe ရဲ့ Chicken Satay ကို တစ်မူထူးခြားစေတာကတော့ အငန်ပေါ့ပေါ့လေးဖြစ်နေတဲ့ မြေပဲအရသာဆိမ့်တဲ့ ဆော့စ်လေးဖြစ်ပါတယ်။

     ဟင်းအရည်နဲ့ စားရတဲ့ခေါက်ဆွဲတွေထဲမှာ တင်ပြပေးချင်တာကတော့ Singapore Laksa လို့ခေါ်တဲ့ စင်္ကာပူစတိုင်လ် အုန်းနို့ခေါက်ဆွဲဖြစ်ပါတယ်။ သိပ်မပြင်းလွန်းတဲ့ အုန်းနို့အရသာဟင်းရည်က မြန်မာအကြိုက် ဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ ဒီဟင်းရည်ဟာ မြန်မာအကြိုက်ဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတာတော့ လုံးဝမဟုတ်ပါဘူး။ စင်္ကာပူရိုးရာအတိုင်း အရသာမပျက် ချက်ပြုတ်ထားတယ်ဆိုတာ ဟင်းအရည်ထဲမှာပါတဲ့ ပါ ဝင်ပစ္စည်းအစုံအလင်က သက်သေပြနေပါတယ်။ ဟင်းရည်ကို မြည်းစမ်းကြည့်ယုံနဲ့ ပုစွန်အရသာကိုခံစားရပြီး ပုစွန်ခြောက်လေးများကိုပါ ကိုက်ဝါးမိတာကို သတိပြုမိပါတယ်။ လတ်ဆတ်တဲ့ ရေချိုပုစွန်များကိုလည်း နူးညံ့ မွှေးပျံ့တဲ့ ခေါက်ဆွဲနဲ့အတူရောနှောစားပြီး ဟင်းအရည်တွေ စိမ့်ဝင်နေတဲ့ ပဲပြားကြော်တစ်တုံးကို ကိုက်ဝါးမိ လိုက်ယုံနဲ့ အရသာတွေခံတွင်းထဲ ပြန်ပြီးစီးဝင်လာတဲ့ ခံစားမှုက ဒီခေါက်ဆွဲပွဲကရတဲ့ ထူးခြားမှုဖြစ်ပါတယ်။ ထိုင်းအရသာ ခေါက်ဆွဲဆိုရင်တော့ Tom Yam Kong ကို မြည်းစမ်းကြည့်စေချင်ပါတယ်။ ခေါက်ဆွဲဟင်းလျာ မှာတော့ မြန်မာလူမျိုးတွေကြား လူသိများရေပန်းစားတဲ့ တုန်ယမ်းဟင်းချိုကို ပုစွန်ပါတဲ့ ဆန်ခေါက်ဆွဲ ချဉ်စပ်ဟင်းချိုအဖြစ် သုံးဆောင်ရမှာဖြစ်ပါတယ်။ ထိုင်းအရသာ ပုစွန်တုန်ယမ်းချဉ်စပ် ခေါက်ဆွဲဟင်းရည်ကိုလည်း ရွေးချယ်မှုတစ်ခုအဖြစ် မျှဝေပေးလိုက်ပါတယ်။

     နောက်ထပ်မြည်းစမ်းကြည့်သင့်တဲ့ ထိုင်းရိုးရာ ဟင်းပွဲတစ်မျိုးကတော့ Green Curry ဖြစ်ပါတယ်။ ပင်စိမ်းအနှစ်ဟင်းအရည်မှာ အုန်းနို့အရသာနဲ့ အရသာဆိမ့်ဆိမ့်နဲ့ အနည်းငယ်အစပ်အရသာရောပြွမ်းတဲ့ ထိုင်းကြက်သားဟင်းကို တွဲဖက်သုံးဆောင်ဖို့ ထမင်းဖြူတစ်ပန်းကန်သာ လိုပါလိမ့်မယ်။

      အနောက်တိုင်းဟင်းလျာတွေထဲမှာ ပရိသတ်များကို မြည်းစမ်းကြည့်စေချင်တဲ့ အစားအစာတစ်မျိုးကတော့ သိုးရဲ့ အရှေ့လက်ပျဉ်းသားကို နူးနေအောင် အချိန်ကြာကြာကင်ထားတဲ့ ဥရောပဟင်းလျာ Lamp Shank ဖြစ်ပါတယ်။ Secret Recipe ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေထဲက တစ်ခုဖြစ်တဲ့ ဒီဟင်းလျာ ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ Lamb Shank အပိုင်းကို ပြည်ပမှတင်သွင်းတဲ့ အသားအသုံးပြုပြီး ချက်ပြုတ်ထား တာဖြစ်ပါတယ်။ Secret Recipe ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ပြုလုပ်ထားတဲ့ Brown Sauce နဲ့ Mashed Potato တို့နဲ့ တွဲဖက်တည်ခင်းထားပြီး ပူပူနွေးနွေး ပေါင်မုန့်လေးတစ်လုံးနဲ့ပါဆိုတော့ ပိုပြီးပြည့်စုံသွားပါတယ်။ စားဖူးတဲ့သိုး သားတွေလို အနံ့မရှိတာကလည်း ဒီဟင်းလျာရဲ့ ထူးခြားချက်ဖြစ်ပါတယ်။

     နောက်ထပ်အကြံပြုချင်တဲ့ အနောက်တိုင်းအစား အစာတစ်မျိုးကတော့ အီတာလျံ အစားအစာတစ်မျိုးဖြစ်တဲ့ Chicken Lasange ဖြစ်ပါတယ်။ ရိုးရာခရမ်းချဉ်သီးဆော့စ်နဲ့ ကြိတ်ထားတဲ့ ကြက်သားကို ရောချက်ထားတာကတော့ Bolognese ပုံစံဖြစ်ပြီး လတ်ဆတ်တဲ့ ခရမ်းချဉ်သီးအရသာက ဒီဟင်းလျာမှာ အဓိကဆွဲဆောင်မှု ဖြစ်ပါတယ်။ နောက်ထပ်ခံစားရမှာကတော့ အီတာလျံဟင်းခပ် အမွှေးအကြိုင်များရဲ့ ရနံ့ကို ခံစားရမှာဖြစ်ပါတယ်။

     နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ Secret Recipe ရဲ့ ကိတ်မုန့်တွေဖြစ်ပါတယ်။ အာရှဒေသတွင်းမှာ အကောင်းဆုံးလို့ လက်ခံထားကြတဲ့ ကိတ်တွေထဲမှာတော့ ထူးထူးခြားခြား ဒူးရင်းသီးကိတ်တွေကိုတော့ အသစ်အဆန်းအဖြစ် မြည်းစမ်းကြည့်ပြီး လက်ကမချနိုင်အောင် ဖြစ်ခဲ့ရတာကြောင့် ပရိသတ်တို့အနေနဲ့လည်း မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ နောက်ထပ်ရနိုင်တဲ့ နာမည်ကြီးလူသိများတဲ့ ကိတ်အမျိုးအစား များစွာကိုလည်း ပြည်ပမှတင်သွင်းတဲ့ ဂျုံ၊ ချောကလက်များနဲ့ ထုတ်လုပ်ထားတာဖြစ်တာကြောင့် မြည်းစမ်းချင်စရာကောင်းတဲ့ အာရှအကောင်းဆုံးကိတ်များအဖြစ် မျှဝေ အကြံပေးလိုက်ပါတယ်။

      ပရိသတ်များခင်ဗျာ ရန်ကုန်မြိုမှာအသစ်ဖွင့်လှစ်လာကြတဲ့ စားသောက်ဆိုင်များနဲ့ Franchise ဆိုင်တော်တော်များများမှာ တွေ့ရတဲ့ပြဿနာဖြစ်တဲ့ အစားအသောက် အရည်အသွေး တစ်သမတ်တည်းမရှိတဲ့ ပြဿနာအကြောင်းအရင်းရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပါဝင်ပစ္စည်းများကို မှန်မှန်ကန်ကန် မသုံးဆွဲခြင်း၊ ချက်ပြုတ်ပြင်ဆင်ကြ သူများအပါအဝင် ဝန်ဆောင်မှုဝန်ဝမ်းများက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်နာမှုအားနည်းခြင်း စတဲ့အချက်တွေကိုလည်း Secret Recipe က သိရှိထားပါတယ်။ ဒါကြောင့်လည်း ဒီလိုအဖြစ်မျိုး ဖြစ်မလာအောင်လည်း လုပ်ငန်းလုပ်ဆောင်ရန်အဆင့်ကို သတ်မှတ်ထားတဲ့ စံနှုန်းများအတိုင်း လိုက်နာလုပ်ကိုင်စေမှာ ဖြစ်တယ်လို့ဆိုတာကြောင့် အစားအစာနဲ့ ဝန်ဆောင်မှု အရည်အသွေး ကျဆင်းသွားမှာမဟုတ်တဲ့အကြောင်း တင်ပြမိတ်ဆက်ပေးရင်း တာမွေ Ocean Center မှာရှိတဲ့ Secret Recipe ဆိုင်လေးကို သွားရောက်သုံးဆောင်နိုင်အောင် Eating Out ကဏ္ဍကနေ မျှဝေတင်ပြပေးလိုက်ပါတယ်။

Secret Recipe

Tamwe’s Ocean Center (အပေါ်ဆုံးထပ်)၊ Ph : 09250662871

သစ်ထူး

(My Foodies)

Facebook Comments