
by သစ်ထူး for Food magazine
Seed ဆိုတာ နာမည်အရ ပန်းပင်၊ ပျိုးပင် အရောင်းဆိုင်လိုလိုပေါ့နော်။ ဒါပေမဲ့ ဦးထွန်းငြိမ်းလမ်း ထဲက ဆိုင်ကိုရောက်တော့ Wow ဆိုပြီး မေးစေ့အောက်ကျလောက်အောင် အံ့ဩရပါတော့တယ်။
ဆိုင်ကို မဝင်ခင်ကတည်းက မြင်သာထင်သာရှိတာက ဝါးလုံးတိုင် ပိန်ရှည်ရှည်လေးတွေနဲ့ ကာရံထားတဲ့ ခြံနံရံအလှဆင်ထားတာတွေ ဖြစ်ပါတယ်။ ခြံဝင်းအဝင် လမ်းတစ်လျှောက် လှလှပပနဲ့ ဘယ်ဆိုင်နဲ့မှကို မတူပါ။
သစ်စေ့တစ်စေ့ အပင်ဖြစ်လာပြီး ရှင်သန်ကြီးထွားဖို့ ဓာတ်ကြီးလေးပါးမျှတဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပြီး Seeds ရဲ့ အပြင်အဆင်များကိုလည်း မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး မျှတအောင် ပြင်ဆင်ခင်းကျင်းထားတယ်လို့ သိရပါတယ်။
သေသပ်ပြီး သစ်သားတွေအများဆုံးသုံးပြီး ဆောက်ထားတဲ့ အဆောက်အအုံထဲမှာတော့ စားပွဲခင်းဖြူဖြူ ခင်းထားတဲ့ သစ်သားစားပွဲတွေမှာ Fine Dining ပုံစံ အပြည့်ခင်းကျင်းပြင်ဆင်ထားတဲ့ ၂ ယောက်၊ ၄ ယောက်၊ ၆ ယောက်ဝိုင်း၊ ၈ ယောက်ဝိုင်းတွေနဲ့ ခင်းကျင်းထားတာ တွေ့ရပါတယ်။ အလင်းအားကောင်းကောင်းရဖို့အတွက်ကတော့ စားသောက်ခန်းမကြီးရဲ့ အနောက်ဘက်နဲ့ ဘေး ၂ ဖက်တွေမှာ မှန်တံခါးမကြီးတွေ တပ်ထားပြီး လိုအပ်သလို အဖွင့်အပိတ်လုပ်လို့ရနိုင်အောင် ထားရှိပါတယ်။ နေ့ဘက်တွေမှာဆို ပြင်ပအလင်းရောင်ကို အပြည့်အဝရနေပြီး အပြင်ဘက်အင်းလျားကန်ရဲ့ တစ်မျှော်တစ်ခေါ် ရှုခင်းကို ခံစားရမှာဖြစ်ပါတယ်။ အားလုံးကို Fine Dining ဖြစ်လို့ မထူးဆန်းသလို ထင်ရပေမယ့် ထူးထူးခြားခြား မြင်ရတာကတော့ ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင် ဖြစ်ပါတယ်။ ဆိုင်ထဲမဝင်ခင်ကတည်းက သတိထားမိတဲ့ ခေတ်ဟောင်းနဲ့ ခေတ်သစ်ရောသမထားတဲ့ ပစ္စည်းတွေကို နေရာတကျ အသုံးပြုထားပါတယ်။ အပိုင်း ၃ ပိုင်းခွဲထားတဲ့ စားသောက်ဆိုင်ရဲ့ အခန်းတွေကတော့ ခန်းမကျယ်ကြီးမှာ လူများများထိုင်နိုင်မယ့် သီးသန့်စားပွဲတစ်ခုရအောင် ခွဲထုတ်ထားပါသေးတယ်။ နောက်ထပ်စားပွဲတစ်ခုကတော့ မီးဖိုချောင်အဝမှာ သီးသန့်ခွဲထုတ်ထားပါတယ်။ ထူးထူးခြားခြား ကြီးမားလှတဲ့ နံရံကပ် Wine Chiller ကြီးထားတဲ့ အခန်းတစ်နေရာမှာ ချိန်းထားတဲ့ဧည်သည်တွေကို ထိုင်စောင့်ရင်း စာဖတ်နိုင် အနားယူနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။ Wine တွေကတော့ ပြင်သစ်ဝိုင်အများဆုံးဖြစ်ပြီး တခြား Old World နဲ့ New World Wine တွေလည်း တွေ့ရပါတယ်။
Seeds ရဲ့ အပြင်ဘက်ခြမ်းကို လေ့လာမယ်ဆိုရင် တော့ မြက်ခင်းပြင်စိမ်းစိမ်းကနေ အင်းလျားရေပြင်ကျယ် ကိုငေးရင်း စားသောက်နိုင်မယ့် စားပွဲလေးတွေအပြင် မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါးကိုယ်စားပြုထားတဲ့ စားပွဲဝိုင်းတွေရဲ့ တည်နေရာတွေကလည်း အရမ်းကို ထူးခြား ဆန်းပြားလှပါတယ်။ ကြာပတ်လည်ဝိုင်းနေတဲ့ နေရာလေးက ဆွဲဆောင်မှုရှိသလို ငှက်လှောင်အိမ်ထဲက စားပွဲ ဝိုင်းကလည်း ထူးခြားဆန်းပြားလှပါတယ်။ ဟိုးရေစပ်မှာ ထိုးထွက်နေတဲ့ အဆောင်လေးမှာလည်း စားပွဲတစ်ဝိုင်း ပြင်ဆင်ပေးထားပါသေးတယ်။ အနောက်ဘက်ခြမ်း ရေစပ်ကနေ အင်းလျားကန်အလှကို တစ်ဝကြီးထိုင်ကြည့် ရင်း အပန်းဖြေလို့ရမယ့် နေရာလေးတွေလည်း ညနေခင်းတိုင်းမှာ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။
ကဲ… အစားအစာမီနူးလေးတွေကို လေ့လာကြည့်ရအောင်။ နေ့လယ်ဘက်မှာ အကောင်းဆုံးအတွဲအစပ်တွေနဲ့ ပေါင်းစပ်ထားတာက Lunch Set လည်းရှိပြီး ပုံမှန်ရနိုင်တဲ့ Menu ကနေလည်း မှာယူသုံးဆောင်နိုင်ပါတယ်။ ရွေးချယ်စရာလေးတွေ အစုံရှိတဲ့ထဲမှာ ပထမဦးဆုံး ရွေးချယ်မိတာက Kaffir lime soup နဲ့ ကြက်သားသုပ် ဖြစ်ပါတယ်။ တစ်ခွက်စာ၊ တစ်လုတ်စာ ပုံစံလေးဖြစ်ပေမယ့် စိတ်ကြည်လင်လန်းဆန်းစေတဲ့ ရှောက်ခါးဖျော်ရည်လေးက အချဉ်အရသာမဟုတ်ဘဲ ထောပတ် အရသာနဲ့ရောပြီး မွှေးမွှေးဆိမ့်ဆိမ့် အရသာလေးနဲ့ပါ။ အတူတွဲပါလာတဲ့ ကြက်သားသုပ်လေးကလည်း အရသာ ထူးခြားပါတယ်။ အဆီလုံးဝမပါတဲ့ ကြက်ရင်ပုံသားအတုံး သေးသေးလေးတွေနဲ့ သရက်သီးလေးတွေက Kaffir lime soup နဲ့ လိုက်ဖက်လှပါတယ်။ ရောက်လာသူတိုင်းကို အစားအစာမှာယူပြီဆိုတာနဲ့ တည်ခင်းပေးတဲ့ Canape လေးတွေနဲ့ပါ တွဲဖက်လိုက်ရင်တော့ အကောင်းဆုံး အစပြုခြင်းဖြစ်နေပါပြီ။
Cold Appetizer ထဲမှာတော့ ရွေးချယ်မြည်းစမ်းကြည့်မိတဲ့ ဟင်းလျာတစ်မျိုးက ထူးခြားပါတယ်။ စကော့တလန် အရှေ့မြောက်ပိုင်းဒေသထွက် အမဲသားတစ်မျိုးဖြစ်တဲ့ Angus Beef ကို နာနတ်သီး၊ ခရမ်းချဉ်သီးတို့နဲ့ အသုပ်ပွဲပုံစံပြင်ဆင်ပေးထားပြီး Surf and Turf လို့ နာမည်ပေးထားတဲ့အတိုင်း အမဲသားအပြင် ရေချိုပုစွန်တုပ်တစ်ကောင်လည်း ပါပါသေးတယ်။ ပုံမှန်ဆို Surf and Turf တွေဟာ အဓိကဟင်းလျာသာဖြစ်ပြီး Seeds မှာတော့ Appetizer အဖြစ် ထူးခြားစွာ တွေ့ရမှာဖြစ်ပါတယ်။
နောက်ထပ်မြည်းစမ်းဖို့ ရွေးချယ်လိုက်တာကတော့ Hot Appetizer တစ်မျိုးဖြစ်တဲ့ Felix’s Truffle Ravioli ဖြစ်ပါတယ်။ ကပ်ပါးမှိုတစ်မျိုးဖြစ်တဲ့ Truffle ကို ချိစ်နဲ့ အဆာသွတ်ထားတဲ့ ပါစတာတစ်မျိုးပေါ့။ အရသာဆိမ့်ဆိမ့်လေးနဲ့ Truffle Ravioli ကတော့ Seeds ရဲ့ပိုင်ရှင် စားဖိုမှူး Felix ရဲ့ အထူးလက်ရာဖြစ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ Honey and Pepper Glazed Pork Loin with Chorizo and Prawn Curry ဖြစ်ပါတယ်။ နာမည်ရှည်သလောက် တစ်ပန်းကန်တည်းမှာ ပါဝင်တာတွေကလည်း များပါတယ်။ အဆီအနည်းဆုံးဖြစ်အောင်လုပ်ထားတဲ့ ဝက်လိုင်းသား၊ အီတလီဝက်အူချောင်းနဲ့ ပုစွန်တုပ်ကို ဟင်းချက်ထားပြီး ကညွတ်၊ မုန်ညင်းတို့ပါ ရောနှောထားတဲ့ ဟင်းလျာပွဲတစ်ပွဲ ဖြစ်ပါတယ်။
ဒါတွေအားလုံးကို Seeds ရဲ့ နေ့စဉ်ဟင်းလျာ စာရင်းကနေမှာယူပြီး စိတ်ကြိုက် သုံးဆောင်နိုင်သလို Lunch Set Menu မှာရှိတဲ့ ဟင်းလျာအတွဲအစပ်များကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ရေချိုပုစွန် ကြီးကို ကင်ပေးထားပြီး ရွှေဖရုံသီးကို ဟင်းရွက်တွေ၊ မရောနိစ်တွေနဲ့ ရောသုပ်ပေးထားတဲ့ Marinated Pumpkin Salad with Grill Prawn and Rocket, Peanut, Chilli mayonnaise ဒါမှမဟုတ် ရွေးချယ်စရာ ထူးခြားတဲ့ Foamy Fennel Soup with Tuna Tarter ရှိပါတယ်။ စမုန်ရွက်အရသာ အမြှုပ်လေးတွေနဲ့ ဟင်းချိုရည်ကို တူနာငါးတာတာဆော့စ်နဲ့ရောထားတဲ့ အသုပ်ပွဲမှာ လောင်းပြီးစားရတာ ခံတွင်းရှင်းပြီး ထူးခြားတဲ့အရသာစုံကို ခံစားရပါတယ်။ ဒီဟင်းချိုပွဲမှာ တူနာငါးတုံးလေးတွေနဲ့ မိုက်ခရိုဟင်းရွက်တွေရဲ့ လတ်ဆတ်တဲ့အရသာတွေ ပေါင်းစပ်ထားတာက စားသုံးသူကို စွဲမက်စေပါတယ်။
နောက်ထပ်ပါဝင်လာတဲ့ ဟင်းလျာက Glazed Chicken Breast with Sweet Potato Mousseline, Bread Galette and Orange Ginger Sauce, Vegetable ဖြစ်ပါတယ်။ ကြက်ရင်ပုံသားကင်ကို အထူးပြု လုပ်ထားတဲ့ ပေါင်မုန့်၊ ကန်စွန်းဥအနှစ်များနဲ့ စွဲမက်ဖွယ် ကောင်းအောင် ဆော့စ်မွှေးမွှေးလေးအပြင် ဟင်းသီး ဟင်းရွက်များပါ ဖြည့်ပေးထားတဲ့ ဟင်းလျာဖြစ်ပါတယ်။
သူနဲ့ယှဉ်ပြီး ရွေးချယ်နိုင်တာက ၂ မျိုးရှိပါတယ်။
တစ်မျိုးကတော့ Home Made Fresh Noodle with Beef Cubes and Spicy Tomato Sauce, Vegetable ဖြစ်ပါတယ်။ အိမ်လုပ်ခေါက်ဆွဲကို အမဲသားတုံး လေးတွေနဲ့ ခရမ်းချဉ်သီးဆော့စ်များများနဲ့ ချက်ထားတဲ့ ခေါက်ဆွဲဖြစ်ပါတယ်။ အီတာလျံပါစတာပုံစံ Fusion ချက်ထားတာဖြစ်ပြီး အသားအရသာ၊ ခရမ်းချဉ်သီးအရသာတွေအပြင် လတ်လတ်ဆတ်ဆတ်ခေါက်ဆွဲရဲ့ အရသာကလည်း ဒီဟင်းလျာရဲ့ အဓိကဆွဲဆောင်မှု ဖြစ်ပါတယ်။
နောက်ထပ်ရွေးချယ်စရာတစ်မျိုးက ရနံ့မွှေးမွှေး အုန်းထမင်းဖြစ်ပါတယ်။ Pan-Fried Fish Pot Pouri with Coconut Rice and Curry Sauce, Vegetables လို့ နာမည်ပေးထားပြီး ဟင်းခတ်ရွက်ရနံ့တွေနဲ့ ထုံသင်းနေတဲ့ အုန်းထမင်းကို အရေခွံကြွပ်ကြွပ် ငါးသားကြော်နဲ့ တွဲဖက်တည်ခင်းတာ ဖြစ်ပါတယ်။
အချိုပွဲကတော့ Swiss Chocolate Mousse with Raspberry Ice Parfait ဖြစ်ပါတယ်။ Parfait ဆိုတဲ့အတိုင်း ခဲထားတဲ့ အချိုပွဲ ၂ မျိုး ရောစပ်ပေးထားပါတယ်။ ချောကလက်ခါးဆိမ့်ဆိမ့်လေးက ခံတွင်းထဲ ပျော်ဝင်သွားချိန်မှာ ချိုချဉ် Raspberry ရဲ့ အရသာက နောက်ကနေ အားဖြည့်ပေးတဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ အချိုပွဲကတော့ Perfect ဖြစ်လို့နေပါတယ်။
ပရိသတ်တို့ရေ… နေ့လယ်စာ၊ ညစာ အချိန် ၂ ချိန်အတွက် ဖွင့်ပေးထားတဲ့ Seeds မှာ အစားအစာအပြင် ဆိုင်ရဲ့အပြင်အဆင် အခင်းအကျင်းကလည်း စိတ်ဝင်စားစရာ ဘယ်လောက်ကောင်းလည်းဆိုတာ ကိုယ်တိုင်သွားပြီး လေ့လာရင်း မြည်းစမ်းကြည့်မှ အပြည့်အဝခံစားသိရမှာ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်လေးတွေ သတိပြုပြီး ညနေစောင်းတွေဆိုရင်တော့ နေရာကောင်းတွေမှာ ပြည့်နေတတ်လို့ ဖုန်းနံပါတ်လေးတော့ မှတ်ထားဖို့လိုလာပါပြီ။
SEEDS Restaurant & Lounge
No. 63A, U Tun Nyein Street, Ward 10, Mayangone Township, Yangon.
Ph : 09 – 972784841