Singapore Banana Leaf Fish Head Curry

eating_4 eating_10 eating_9 eating_8

eating_7 eating_6 eating_5

Singapore Banana Leaf Fish Head Curry

            ကျွန်တော်ရှေ့က စားပွဲပေါ်မှာ ပြောင်လတ်နေတဲ့ စတီးဗန်းလေးတွေနဲ့ ခင်းကျင်းပြင်ဆင်ထားတယ်။ စတီးဗန်းလို့သာဆိုတယ် စတီးနဲ့လုပ်ထားတဲ့ ဖက်ရွက်တစ်ရွက်လိုပါ။ ဗန်းပေါ်မှာ စတီးရေခွက်တစ်ခွက် တင်ထားတယ်။ ဒီလိုပုံစံတူစားပွဲတွေ ဟိုနားတစ်ခုံ သည်နားတစ်ခုံ တချို့ နှစ်ခုံဆက်ပြီး ခင်းထားတယ်။ နံရံဘက်ကပ်နေတဲ့ စားပွဲမျိုးလေးတွေကျတော့ နံရံဘက်က ထိုင်ခုံတွေကို ဆိုဖာခုံအရှည်လေးတွေ လုပ်ထားပြန်တယ်။ ဒါပေမဲ့ အဲ့ဒီစားပွဲတွေကျတော့ ဘေးမှာ အကာလေးတွေ လုပ်ပေးထားတာကြောင့် Private ဆန်ဆန်ခံစားရတယ်။

            တစ်ဆိုင်လုံးကို မျက်စိကစားကြည့်တော့ နံရံတွေမှာ အန္ဒိယရွှေချည်ထိုး ပန်းချီကားတွေကို တွေ့ရပါတယ်။ အလှပြထားသလိုနဲ့ ဝယ်ချင်ရင်လည်း ရောင်းဖို့ပါ အသင့်ဖြစ်နေမယ့် စတီးချိုင့်ကြီးတွေ ၄ ဆင့်ချိုင့် ၅ ဆင့် ချိုင့်တွေကို ဆိုင်ကြမ်းပြင်ပေါ်မှာပဲ ချထားပြီးတော့ Show သဘောမျိုးပြထားတယ်။ ၅ ဆင့်ချိုင့်ကြီး တစ်လုံးဆိုရင် ထမင်းနဲ့ ဟင်း အပြည့်ဖြည့်လိုက်လို့ကတော့ ရွာတွေက ဘုန်းကြီး ဆွမ်းတောင်းထမ်းသလို ဝါးလုံးနဲ့လျှိုပြီး လူ ၂ ယောက်ထမ်းမှ နိုင်မယ့်အရွယ်မျိုး။ အဲဒီချိုင့်မျိုးတွေကလည်း အိန္ဒိယကပဲ တိုက်ရိုက်သွင်းတယ်လို့ ဆိုပါတယ်။ သေချာပါပြီ ကျွန်တော် ရောက်နေတာ အိန္ဒိယစားသောက်ဆိုင်တစ်ခုဆိုတာ ပရိသတ်တွေ ရိပ်စားမိလောက်ပါပြီ။ ဟုတ်ပါတယ်။ Singapore Banana Leaf ဆိုင်ကို Food Magazine ရဲ့ Eating Out ကဏ္ဍအတွက် ကျွန်တော်ရောက်နေတာပါ။ ကန်တော်ကြီးပတ်လမ်းပေါ်က Golden View Tower မှာရှိတဲ့ ဒီဆိုင်လေးရဲ့ အတွင်းပိုင်း အပြင်အဆင်တွေက စောစောက ကျွန်တော်ထိုင်နေတဲ့နေရာကနေ မြင်ရသလောက်ထက် ပိုပါတယ်။

            Banana Leaf ရဲ့ အစားအစာ စာရင်းကို ကြည့်မယ်ဆိုရင်တော့ ဆိုင်ရဲ့ မစားမဖြစ် မြည်းစမ်းသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဆိုင်ရဲ့အထူးဟင်းလျာ (Singnature Dish) တစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ ငါးခေါင်းဟင်းကနေ စပြောချင်ပါတယ်။ အိန္ဒိယတောင်ပိုင်း Kerela ဒေသ အစားအစာဖြစ်ပြီး Kerala ပလာတာနဲ့ (ကျွန်တော်တို့ စားနေကျပလာတာမျိုး)နဲ့ တွဲစားကြပါတယ်။ မြန်မာပြည်မှာ ကြက်သားပလာတာ ကြိုက်တဲ့သူများအတွက်တော့ ဒီဟင်းလျာကို ကြိုက်နှစ်သက်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ အိန္ဒိယတောင်ပိုင်း ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ချက်တဲ့ အသားများများ ငါးပါးနီခေါင်းဟင်း ဖြစ်ပါတယ်။ မန်ကျည်းသီးအရသာထူးကဲတဲ့ ဟင်းလျာမှာ ဂေါ်ဖီ၊ ရုံး ပတီသီး၊ အုန်းနို့၊ ငရုတ်ပွတောင့်ကြီးတွေ ပါဝင်ပါတယ်။ ကြီးမားတဲ့ ကြွေဇလုံကြီးထဲမှာ ဟင်းရည် အပြည့် သီးနှံစုံနဲ့ ငါးခေါင်းဟင်းလျာက ၃ ယောက် လောက်စားမှ ကုန်မယ့်ပုံပါ။

            နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ မြန်မာလူမျိုးများနဲ့ မစိမ်းလှတဲ့ Biryani လို့ခေါ်တဲ့ ဒံပေါက်ထမင်းဖြစ်ပါတယ်။ ဒံပေါက်ကို သက်သတ်လွတ်၊ ကြက်သား၊ ဆိတ်သား စတာတွေနဲ့ မှာယူနိုင်ပါတယ်။ ဒံပေါက်နဲ့အတူတူ အသီးအရွက်များကို ဒိန်ချဉ်ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောနှောပြုလုပ်ထားတဲ့ Vegetable Rita နဲ့ သနပ်တစ်မျိုးကိုလည်း အအီပြေရောစားလို့ရတဲ့ တွဲဖက်စာအဖြစ် တွဲဖက်ပေးမှာဖြစ်ပါတယ်။ စားဖူးနေကျ ဒံပေါက်တွေထက် ထူးခြားတဲ့ချက်နည်း လေးကတော့ ရောင်းမယ့်တစ်ပွဲစာအိုးလေးတွေမှာ ဟင်းအနှစ်မဆလာတွေရော ဒံပေါက်ထမင်းတွေကိုပါ ထည့်ပြီး ဂျုံပြားနဲ့အုပ်ပြီးမှ နှပ်ထားတဲ့ Dam Cook လို့ခေါ်တဲ့ နောက်ဆုံးအဆင့် ထမင်းနှပ်တဲ့နည်းစနစ်ကြောင့် ရနံ့ထူးခြားလှပါတယ်။ ဒါကြောင့် အန္ဒိယတောင်ပိုင်းသား စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ဒံပေါက်ကလည်း ရွေးချယ်မှုတစ်ခု ဖြစ်သင့်ပါတယ်။

            အိန္ဒိယတောင်ပိုင်း ရိုးရာပုံစံအတိုင်း ထမင်းစားချင်တဲ့သူတွေအတွက်ကတော့ Tali Set ကို စိတ်ကြိုက်မှာယူသုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Non Vegetable Tali ကို မှာယူမြည်းစမ်းကြည့်ပါတယ်။

            Appetizer အနေနဲ့ မတ်ပဲကြော်၊ အသားကင်တစ်မျိုးနဲ့ အစပြုနိုင်တဲ့အတွဲအစပ် (Set Menu) ဖြစ်ပါတယ်။ အသား ၂ မျိုးပါဝင်တဲ့ ဒီ Set မှာတော့ ကြက်သားဟင်း၊ ဆိတ်သားဟင်းတို့နဲ့ ဟင်းရံများစွာပါဝင်ပါတယ်။ မြန်မာလူမျိုးများ ဆမ်ဘာရူးလို့သိကြတဲ့ Sambar လို့ခေါ်တဲ့ သီးစုံဟင်း မလုပ်တန်နီဟင်းချိုလို့ လူသိများတဲ့ Pepper Rasam တို့လည်းပါပြီး ပဲစင်းငုံဟင်းနဲ့ ဟင်းသီးဟင်းရွက် ဟင်း ၃ မျိုးလည်းပါဝင်ပြီး အားလုံးကို တစ်ယောက်စားနိုင်ရုံ ခွက်သေးသေးလေးတွေနဲ့ တစ်မျိုးချင်းစီခွဲခြား ထည့်ပေးထားပါတယ်။ စတီးဗန်းလေးမှာ အစီအရီထည့်ထားတဲ့ Tali Set မှာ အသီးအရွက်သုပ်နဲ့ ဒိန်ချဉ်ထမင်းတို့လည်း ပါပါသေးတယ်။ Papa Dam လို့ခေါ်တဲ့ ပါပလာ ကိုပါ ထည့်ပေးထားပြီး ချာပါတီတစ်ခုနဲ့ အရင်ဆုံးစားပြီး ထမင်းကို နောက်မှစားတာကတော့ ရိုးရာပုံစံ စားသောက်ပုံလေးဖြစ်ပါတယ်။ နောက်ဆုံးမှာ အချိုတည်းဖို့ အချိုပွဲတစ်မျိုးလည်း အမြဲပါတယ်။

            တိုရှည်ကြိုက်သူများကတော့ Breakfast Dosa ကို သုံးဆောင်နိုင်ပါတယ်။ All Day Breakfast အမျိုးအစားဖြစ်တာကြောင့် ရောက်သွားတဲ့အချိန်တိုင်းမှာ စိတ်ကြိုက်မှာယူ သုံးဆောင်နိုင်တဲ့ Dosa မျိုးစုံရနိုင်ပါတယ်။ Dosa Set မှာတော့ မတ်ပဲကြော်၊ တိုရှည်နဲ့ အုန်းသီးချက်တဲ့နည်းတွေအပြင် ဆန်မုန့်ပေါင်းတစ်မျိုးဖြစ်တဲ့ Idly ကို Sambar နဲ့ တွဲစားလို့ရအောင် သပ်သပ်စီခွဲပြီးပါသလို Sambar ဟင်းထဲမှာ Idly အသေးလေးတွေ ရောနှောထားပြီးလည်း အမျိုးအစားတစ်ခုအနေနဲ့ ပါပါသေးတယ်။

            အစားအစာမျိုးစုံအောင် သုံးဆောင်ပြီးတဲ့နောက်မှာတော့ ဒီရာသီမှာ အလိုက်ဖက်ဆုံး အချိုပွဲတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Pineapple Up Side Down လို့နာမည်ရတဲ့ အချိုပွဲမှာ နာနတ်သီးတစ်ခြမ်းကို အလယ်သားတွေဖယ်ထုတ်ပြီး ပန်းကန်အဖြစ် ပြန်သုံးထားပါတယ်။ နာနတ်သီးပန်းကန်ထဲမှာတော့ နှစ်သက်ရာရွေး ချယ်မှာယူနိုင်မယ့် ရေခဲမုန့်၊ ဂျယ်လီမျိုးစုံ၊ နာနတ်သီး စိတ်လေးတွေနဲ့ ဝေဖာချောင်းလေးတွေပါ စုံနေအောင်ပါတာကြောင့် ၂ ယောက်လောက် မျှစားနိုင်ပါတယ်။

            အေးအေးလူလူ ချိုချိုမွှေးမွှေးလေးတွေကြိုက်တဲ့သူတွေကတော့ Mocktail လို့ခေါ်တဲ့ အရက်မပါတဲ့ ဘားကောင်တာထုတ် ဖျော်ရည်လေး ၂ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စတော်ဘယ်ရီသီးစစ်စစ်များနဲ့ ချိုချိုချဉ်ချဉ် မွှေးမွှေးလေး Strawberry Cooler ကို သောက်မလား၊ လူကြိုက်များတဲ့ Mojito ရဲ့ Non-alcoholic Version ဖြစ်တဲ့ ချိုချိုအေးအေးမွှေးမွှေးလေး American Mint Cooler ကိုသောက်မလား ဒါမှမဟုတ် အိန္ဒိယရိုးရာ Lassi လို့ခေါ်တဲ့ ဒိန်ချဉ်ကို ဒီအတိုင်းပလိန်းရသလို သစ်သီးတွေနဲ့ရောနှောထားတာတွေလည်း သုံးဆောင်နိုင်ပါတယ်။

            အအေးထက် အပူဘက်ကို ပိုပြီးနှစ်သက်သူများအတွက်ကတော့ အိန္ဒိယစားသောက် ဆိုင်များရဲ့ မရှိမဖြစ် မဆလာလက်ဖက်ရည်နဲ့ မဆလာကော်ဖီတို့ကိုလည်း မသောက်မဖြစ် မြည်းစမ်းကြည့်ဖို့တော့ လိုပါလိမ့်မယ်။

            ဟင်းနံ့တွေတစ်ဆိုင်လုံးပြန့်နေပြီး ဘယ်လိုအနံ့လို့ နာမည်တပ်မရတဲ့ အမွှေးနံ့တွေနဲ့ အပြင်ပြန်ထွက်လာတဲ့အချိန်မှာတောင် အဝတ်အစားတွေမှာ တစ်နေကုန် အနံ့စွဲကျန်နေတဲ့ အိန္ဒိယစားသောက်ဆိုင်ရောက်ရင် ကြုံနေရတဲ့ အဖြစ်အပျက်တွေကို မေ့လိုက်ပါ။ Banana Leaf မှာ ဒီလိုအတွေ့အကြုံမျိုး မကြုံခဲ့ရတဲ့အတွက်   တောင်ပိုင်းအိန္ဒိယအစားအစာ (ကျွန်တော်တို့သိတဲ့ ချစ်တီးစာ) များကို နှစ်သက်လို့ပဲဖြစ်ဖြစ် အသစ်အဆန်းတစ်ခုအနေနဲ့ မြည်းစမ်းချင်လို့ပဲဖြစ်ဖြစ် ငယ်ငယ်က လိမ်းထိပ်မှာရောင်းတဲ့ ကုလားမကြီးရဲ့ တိုရှည်ကို လွမ်းလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အိန္ဒိယဧည့်သည်တွေကို ဧည့်ခံဖို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ပဲသွားသွား၊ ရောက်အောင်သွားဖို့ဆိုရင်တော့ အရင်ဆုံး ဝ၉ ၂၆၂ ၄၄၁ ၁ဝ၂ နဲ့ ဝ၉ ၂၆၂ ၄၄၁ ၁ဝ၃ တို့ကို ဖုန်းလေးဆက်ပြီး ခုံနေရာအတွက် သေခြာအောင်မှာယူထားလိုက်ပါ။

♦   သစ်ထူး   ♦

Singapore Banana Leaf Fish Head Curry

No.23, G-1, 2, Ground Floor, Golden View Tower, U Aung Myat Road, Mingalar Taung Nyunt Tsp, Yangon, Myanmar.

Ph : 09 262441102, 09 262441103

Facebook Comments