The Lantern Vietnamese restaurant မီးပုံးလေးတွေနဲ့ ဗီယက်နမ်ဆိုင်

by Thit Htoo (My Foodies) for Food Magazine

          နာမည်နဲ့လိုက်အောင် တစ်ဆိုင်လုံးကို မီးပုံးလေးတွေနဲ့ အလှဆင်ထားတဲ့ the lantern ဆိုတဲ့ ဗီယက်နမ်ရိုးရာ စားသောက်ဆိုင်လေးကို Melia Hotel ပထမထပ်မှာ ဖွင့်လှစ်ထားပါတယ်။ Food Magazine ပရိသတ်များအတွက်  အာရှရဲ့ အစားအစာကောင်းတွေ၊ နာမည်ကြီးတဲ့ ဗီယက်နမ်အစားအစာတွေအကြောင်း တင်ပြပေးဖို့ ရောက်သွားတဲ့အချိန်မှာတော့ နေ့လယ်ထမင်းစားချိန်တောင် ရောက်နေပါပြီ။

          တရုတ်အငွေ့အသက် အထိအတွေ့လေးတွေပါတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ ဓလေ့အတိုင်း တေးဂီတသံ လွင်လွင်လေးကို ရုတ်တရက်ကြားရတာက တရုတ်သီချင်းလေးအတိုင်းပါပဲ။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ကြားရတဲ့ ဂီတသံဟာ ဆိုင်နေရာ တော်တော်များများမှာ မတိုးမကျယ်လေးကြားနေရတာကြောင့် စိတ်သာယာကြည်နူးရမယ့် အချိန်ဆိုတာ ဒီနေရာမှာလည်း ရှိနေတတ်ပြန်ပါတယ်။

          ဆိုင်အပြင်အဆင်ကို ရိုးရိုးလေးပြင်ဆင်ထားပြီး မျက်နှာကြက်မှာ တွဲလောင်းကျနေတဲ့ မီးပုံးလေးတွေကို မြင်သာတဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ချိတ်ဆွဲထားတဲ့ အပြင်အဆင်ကလည်း ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးပေးမယ့်နေရာဆိုတာ ပေါ်လွင်နေပါတယ်။ ခန့်ထည်စွာ ခင်းကျင်းထားတဲ့ အညိုရောင်သစ်သားပရိဘောဂတွေကြားမှာ ငှက်မပါတဲ့ ငှက်လှောင်အိမ်လေးတွေကတော့ ဗီယက်နမ်လူမျိုးများရဲ့ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ အိမ်အလှဆင်ပစ္စည်းလို့ သိရပါတယ်။

          the lantern ရဲ့  စားသောက်ခန်းကြီးရဲ့ တစ်ဖက်ခြမ်းမှာတော့ အစားအစာ ပြင်ဆင်ချက်ပြုတ်နေတာတွေကို မြင်နိုင်အောင် မှန်ပြတင်းအကျယ်ကြီးတွေနဲ့ ကာရံပေးထားပြီး သန့်ရှင်းတဲ့ မီးဖိုဆောင်အပြင်အဆင်ကို မြင်တွေ့နေရမှာဖြစ်ပါတယ်။

          ရွှေဝါရောင် ဗီယက်နမ်ရိုးရာဝတ်စုံလေး ဝတ်ဆင်ထားတဲ့ စားပွဲထိုးဝန်ထမ်းလေးလာပေးတဲ့ အစားအစာ စာရင်းမှာတော့ ခံတွင်းဖွင့် Appetizer တွေ၊ ဗီယက်နမ် အစားအစာလို့ ပြောလိုက်ရင် မျက်စိထဲပြေးမြင်မိတဲ့ အရောင်ကြည်ကြည် Spring Roll လို့ သိကြတဲ့ ကော်ပြန့်လိပ်၊ အစားအစာတိုင်းမှာ မပါမဖြစ်တဲ့ အသုပ်မျိုးစုံနဲ့ ဗီယက်နမ်ရဲ့ ရိုးရာဟင်းချိုပွဲမျိုးစုံလည်း စာရင်းထဲမှာ တွေ့ရပါတယ်။

          ပထမဦးဆုံးအနေနဲ့ ဗီယက်နမ်ရဲ့ လူကြိုက်များတဲ့ Pancake တစ်မျိုးဖြစ်တဲ့ Banh Khot ကို စပြီး  မြည်းစမ်းမိပါတယ်။ ဂျုံမှုန့်၊ ဆန်မှုန့်တို့နဲ့ ရောနှောထားတဲ့ အခွံလေးကို ထက်ခြမ်းခြမ်းပြီး အဆာသွတ်ထားတဲ့ ပုစွန် အရသာက ဟင်းခတ်ရွက်ရနံ့လေးသင်းပြီး တွဲဖက်စားရတဲ့ ငံပြာရည်ဆော့စ်ချဉ်ချဉ်လေးနဲ့ လိုက်ဖက်လှပါတယ်။ Pancake လေးကို အချဉ်မှာစိမ်ပြီး အတူပါလာတဲ့ အရွက်တွေနဲ့ တွဲဖက်စားရတဲ့ အရသာကို သဘောကျမိပါတယ်။

          နောက်ထပ် ခံတွင်းဖွင့်စာ တစ်မျိုးကတော့ Goi cuon cua lot chien voi xoai xanh လို့ ခေါ်တဲ့ ကော်ပြန့်စိမ်းတစ်မျိုးဖြစ်ပါတယ်။ ကဏန်းပျော့ကြော်ကို သရက်သီးစိမ်း၊ သခွားသီး၊ မုန်လာဥနီ၊ ဂျူးဖူးပင်စိမ်း စတာတွေနဲ့ ရောလိပ်ထားတဲ့ ကော်ပြန့်စိမ်းဖြစ်ပေမယ့် အားလုံးကို သေးသေးမျှင်မျှင်လေးတွေလှီးပြီးမှ အချိုးကျ ရောနှောပေါင်းစပ်ထားတာဖြစ်လို့ ချဉ်ပြုံးပြုံးအရသာလေးနဲ့ လတ်ဆတ်တဲ့ သီးနှံတွေရဲ့ အထိအတွေ့ကိုပေးပြီး ကြွပ်ကြွပ်ရွရွ ကဏန်းပျော့ကြော်လေးပါတော့ အတူပါလာတဲ့ Black Bean Sauce လေးနဲ့ တွဲစားလိုက်တိုင်း မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ ပိုလို့မှ ရနံ့ကြွယ်နေပါသေးတယ်။

          နောက်တစ်မျိုးမြည်းစမ်းကြည့်ရတာက အသုပ်ပွဲ ဖြစ်ပါတယ်။ Nom hoa chuoi လို့ နာမည်ပေးထားတဲ့ ငှက်ပျောဖူးသုပ်တစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောဖူးလို့ မျှင်မျှင်လေးတွေ လှီးထားပြီး  ကြက်သားမျှင်၊ ပူဒီနာ၊ ဗီယက်နမ်ပင်စိမ်း စတဲ့ ဟင်းခတ်ရွက်မျိုးစုံ ပေါင်းစပ်ထားပြီး ငရုတ်ရှလကာရည်ဆော့စ်လေးနဲ့ ရောနှောထားတဲ့အရသာက စားပြီးတာနဲ့ ချက်ချင်း စိတ်ကြည်လင်လန်း ဆန်းသွားစေပါတယ်။

          အများအားဖြင့် ဗီယက်နမ်ရဲ့ Street Food တွေမှာ နာမည်ကြီးလူကြိုက်များတဲ့ အမဲသားခေါက်ဆွဲပြုတ်ကိုလည်း  the lantern မှာ Pho bo tai ဆိုတဲ့ နာမည်နဲ့ မှာယူလို့ရပါသေးတယ်။ သစ်ကြံပိုးခေါက်ရနံ့သင်းသင်းလေးနဲ့ ပြုတ်ထားတဲ့ အပြုတ်ရည်မှာ အသားများများနဲ့ ဆန်ခေါက်ဆွဲကို ပင်စိမ်းရွက်မွှေးမွှေးလေးတွေနဲ့ ရနံ့ဖြည့်ပေးထားတဲ့ ရိုးရာခေါက်ဆွဲကတော့ မြန်မာလူမျိုးများရဲ့ ပါးစပ်နဲ့လည်း အကြိုက်တွေ့မယ့် အရသာမျိုး ဖြစ်ပါတယ်။ ခေါက်ဆွဲဖတ်ပူပူလောင်လောင်ကို အရည်နဲ့ ရှူးခနဲ စုပ်ဆွဲရတဲ့ အခိုက်အတန့်မှာ ခံတွင်းထဲပြည့်သွားမယ့် အမွှေးရနံ့အစုံရယ်၊ သူနဲ့တွဲဖက်တဲ့ ကိုယ်တိုင်လုပ် ငရုတ်ချဉ်စပ် ဆော့စ်စပ်စပ်လေးရယ်၊ နောက်ဆုံး ဒီအတိုင်း ကိုက်စားလို့ရအောင် အရန်ဖြည့်ပေးထားတဲ့ အသီးအရွက်တွေရယ် အားလုံးပေါင်းလိုက်ရင်တော့ the lantern ရဲ့  ဗီယက်နမ်ရိုးရာ ခေါက်ဆွဲက အပြည့်စုံဆုံး ကျေနပ်ခံစားမှုကို ရစေပါတယ်။ Pho bo tai လို့ ခေါ်ပါ တယ်။

          နောက်တစ်မျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ အစားအစာ တစ်မျိုးကတော့ မြန်မာအခေါ် မုန့်ဟင်းခါးဖတ်လေးတွေနဲ့ မီးသွေးမီးမှာကင်ထားတဲ့ဝက်သားလုံးနဲ့ ဝက်ဗိုက်သားတို့ကို အချိုဆော့စ်ရည်တစ်မျိုးမှာ စိမ်ပြီး တွဲစားရတဲ့ Bun cha Ha Noi  ဖြစ်ပါတယ်။ Ha Noi ဒေသစာဖြစ်တဲ့ ဒီဟင်းလျာကတော့ အချိုဓာတ်လေးပါပြီး စားပွဲပေါ်မှာ အမြဲရှိနေတတ်တဲ့ ငရုတ်အနှစ်ဆော့စ်စပ်စပ်လေးနဲ့ အလွန်လိုက်ဖက်လှပြီး အရသာကောင်းတဲ့  အသစ်အဆန်းစားဖွယ်တစ်ခုအနေနဲ့ အမှတ်တရဖြစ်စေခဲ့ပါတယ်။

          ထမင်းနဲ့တွဲဖက်စားလို့ရမယ့် ဟင်းပွဲတွေကလည်း အလျှံပယ်ရှိနေလို့ အဲဒီထဲကမှ Ga xao sa ot ဆိုတဲ့ ကြက်သားစပါးလင်ကြော်တစ်မျိုးကတော့ အကြိုက်တွေ့မိတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အခြောက်ကြော်မဟုတ်ဘဲ ကြက်သွန်ဖြူဥကြီးတွေနဲ့ ကြက်သွန်မြိတ်တွေကိုပါ ဆော့စ်ရည်လေးနဲ့ ရောကြော်ထားတဲ့ဟင်းလျာမျိုး ဖြစ်ပါတယ်။ the lantern က ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဟင်းလျာတွေနဲ့ သူ့ရဲ့ အစားအစာစာရင်းမှာ စီစဉ်ထားပါတယ်။

          အချိုပွဲတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ရိုးရာအချိုပွဲတွေရှိသလို ရိုးရာကို အနောက်တိုင်းရောယှက်ထားတာလေးတွေကိုလည်း ထူးထူးခြားခြားတွေ့ရပါတယ်။ Ginger Crème Brulee လိုမျိုး ရေခဲမုန့်လေးနဲ့ တွဲဖက်စားရတဲ့ ချင်းအရသာ ပူတင်းမုန့်လိုမျိုး အဆန်းထွင်ထားတာ၊ တရုတ်အငွေ့အသက်တွေပါတဲ့ Sweet Longan and Lotus Seed Soup လိုမျိုး  ပဲဝါလေးနဲ့ရောပြီး အုန်းဆံလေးပါခြစ်ထားတဲ့ အချိုပွဲ ချိုချိုအေးအေးလေး တွေအပြင် ရိုးရာပုံစံ အုန်းနို့အေးအေးနဲ့ ပိန်းဥပြုတ်လေး ကလည်း နောက်ဆုံးပိတ် ကျေနပ်စရာအဖြစ် အရသာ ကောင်းလေးတွေနဲ့ အဆုံးသတ်နိုင်မယ့် အချိုပွဲတစ်မျိုး ဖြစ်ပါတယ်။

          the lantern ကို  ဒီလိုဆွဲဆောင်မှုကောင်းပြီး အရသာထူးခြားတဲ့ ဟင်းလျာတွေနဲ့ ဦးဆောင်ပေးနေတာက ဗီယက်နမ်လူမျိုး စားဖိုမှူးတစ်ယောက်ဖြစ်နေ တာကိုတော့ မအံ့သြတော့ပါဘူး။ သူလိုမျိုး စားဖိုမှူးကိုယ်တိုင် ကြီးကြပ်ဦးစီးနေတဲ့နောက်တော့ the lantern ရဲ့ ရိုးရာအစားအစာ အရည်အသွေးက မေးခွန်းထုတ်စရာ လိုမယ်လို့  မထင်တော့ပါဘူး။

          ပရိသတ်ကြီးရေ … Menu ကနေ မှာစားရတာ ဘယ်အမည်နဲ့ ဘယ်အမည်ကို တွဲစပ်ရရင် ကောင်းမယ် မှန်းမသိတာက အစားအစာသစ်တစ်မျိုးကိုစားမယ့် ကျွန်တော့်လို လူတိုင်းအတွက် ရင်ဆိုင်နေကျအဖြစ် အပျက်တစ်ခုပါ။  the lantern က ဒါကို ဖြေရှင်း ပေးထားပါတယ်။ တစ်ယောက်စာ ၁၄ ဒေါ်လာ Set Menu တစ်မျိုးကို စီစဉ်ပေးထားပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လယ်စာအချိန် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီ ကြားမှာ သွားရောက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ခုံအရေအတွက်လည်း ကန့်သတ်ထားတဲ့အတွက် ဝ၁ ၉၃၄ ၅ဝဝဝ ကို ဆက်သွယ်ပြီး စားပွဲဝိုင်းကြိုတင်မှာ ယူထားရင်တော့ စိတ်ချရပါမယ်။ နောက်ထပ်လည်း the lantern မှာ အစားအစာတွေအပြင်Drink Menu နဲ့ ကမ္ဘာတစ်ဝန်းက အမျိုးအစားစုံလင်လှတဲ့ လူကြိုက်များသော ဝိုင်မျိုးစုံကို စုစည်းထားတဲ့ ဝိုင်စာရင်းလည်း ရှိတာကြောင့် ရွေးချယ်စရာအကြောင်းအရာ စုံလင်လှတဲ့ Melia ရဲ့  the lantern ကို အရောက်သွားနိုင်ဖို့ အတွေ့အကြုံလေး  မျှဝေပေးလိုက်ပါတယ်။

the lantern

Vietnamese restaurant

Melia Yangon Hotel

အမှတ် (၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Facebook Comments