
by သစ်ထူး for Food Magazine
ရန်ကုန်ရဲ့ မြင်တွေ့နေကျမဟုတ်တဲ့ မြေထဲပင်လယ် အစားအစာတွေကို ရောင်းချ ဝန်ဆောင်မှုပေးနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကတော့ The Penthouse လို့ ခေါ်ပါတယ်။ ဘားဂရာလမ်းမကြီးပေါ်က တော်လှန်ရေးပန်းခြံနား My Hotel ဘေးက ရုံးခန်းတွေ အများကြီးရှိတဲ့ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ဖွင့်ထားပါတယ်။ အပေါ်ဆုံးထပ် Penthouse နေရာမှာ ဖွင့်ထားတာဖြစ်ပါ တယ်။ ရန်ကုန်ရဲ့ မြို့ပြမြင်ကွင်းကို အပေါ်နားလေးက တစ်စိတ်တစ်ပိုင်းမြင်နိုင်မယ့် နေရာဖြစ်ပြီး ညပိုင်းတွေမှာ ထိုင်လို့ကောင်းမယ့် အပြင်ဘက် ထိုင်စရာနေရာလေးတွေကိုလည်း ပန်းခြံလေးတစ်ခုလိုခံစားရအောင် အပင်လေး တွေ ဝန်းရံပြီး ပြင်ဆင်ထားပါတယ်။ ညနေ နေဝင်ချိန် အနောက်မျှော်တတ်သူတွေအတွက်လည်း ခုံအမြင့်လေးတွေကို အနောက်ဘက်ခြမ်းတစ်လျှောက်မှာ အစီအရီ ထားထားတာလည်း တွေ့ရပါတယ်။ အတွင်းဘက် စားသောက်ခန်းမကြီးရဲ့ အပြင်အဆင်ကလည်း ထူးခြားပါတယ်။ သစ်သားစားပွဲ၊ သစ်သားခုံတွေချည်း ခင်းကျင်းထားပြီး ဆွဲဆောင်နိုင်ဆုံး စားပွဲတွေကတော့ သစ်ပြားအခြမ်း လိုက်ကြီးတွေနဲ့ လုပ်ထားတဲ့ စားပွဲအမြင့်ကြီးတွေဖြစ်ပါတယ်။ နေ့ဘက်တွေမှာ အပြင်အလင်းရောင်ကို အပြည့်အဝရအောင် မှန်ပြည့်ကာထားတဲ့ နံရံတွေကနေတစ်ဆင့် အပြင်ဘက်မြင်ကွင်းကို လှမ်းကြည့်ရင်း စားသောက်နိုင်မှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဘားကောင်တာကြီးနောက်မှာတော့ ဘားတန်ဒါ ခြောက်ယောက်ဟာ ညဘက်တွေဆို လက်မလည်နိုင်အောင် အလုပ်လုပ်ရပါတယ်။ The Penthouse ရဲ့ အစားအစာစာရင်းကို လေ့လာကြည့်ရင် မြေထဲပင်လယ်အစားအစာအများစုကို တွေ့ရမှာဖြစ်ပါတယ်။ အစပြုဖို့ ခံတွင်းဖွင့်စာ ရွေးချယ်စရာတွေရှိသလို စပြီး ရွေးချယ်ဖြစ်တာကတော့ Grilled Seafood Provencal Style ဖြစ်ပါတယ်။ ကင်ပြီးသား ပင်လယ်စာတွေကို ဝိုင်နဲ့ပြန်ချက်ထားတဲ့ ခံတွင်းဖွင့်စာဖြစ်ပြီး လတ်ဆတ်တဲ့ ပုစွန်၊ ကင်းမွန် စတဲ့ ပင်လယ်စာတွေရဲ့ သဘာဝအရသာကို ဝိုင်နဲ့ပေါင်းစပ်ထားတဲ့ ရနံ့မွှေးမွှေးလေးက လျှာမှာစွဲပြီး နောက်လာမယ့် အစားအစာတွေအတွက် ခံတွင်းရှင်းကာ လှုံ့ဆော်ပြီး အဆင်သင့်ဖြစ်နေစေပါတယ်။
နောက်ထပ်ရွေးချယ်ဖြစ်တာကတော့ Platter စာရင်းထဲက Middle Eastern Platter ဖြစ်ပါတယ်။ Pita Bread ပါးပါးကြွပ်ကြွပ်လေးတွေကို Garlic Sauce, ဆင်ခေါင်းပဲလို့ခေါ်တဲ့ ပဲလုံးကြီးတွေကို တို့စားစရာ ဆော့စ်အနှစ်တစ်ခုဖြစ်အောင် ပြင်ဆင်ထားတဲ့ Humus, Baba Ghanoush လို့ ခေါ်ကြတဲ့ ခရမ်းသီးအနှစ်တစ်မျိုးကလည်း ဒီ Platter မှာ မပါမဖြစ် တွဲဖက်စားရမယ့် တို့စားစရာ အနှစ်တစ်မျိုးပါ။ ပဲအနှစ်တွေကို ဗယာကြော်လိုမျိုးကြော်ထားတဲ့ Falafel, Beef Samosa တို့အပြင် Tabbouleh လို့ခေါ်တဲ့ ပါစလေသုပ်တစ်မျိုးလည်း ပါပါသေးတယ်။
နောက်ထပ်မြည်းစမ်းကြည့်တာကတော့ ပါစတာတစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနယ်ရွက်နဲ့ ပါစတာအသားလုပ်ထားတဲ့ Gnocci Spinach and Gorgonzola ဖြစ်ပါတယ်။ ချိစ်အရသာပြင်းပြင်း ကြိုက်ရင်တော့ အီတာလျံချိစ် Gorgonzola ဟာ ဒီသက်သတ်လွတ် ပါစတာပွဲအတွက်တော့ အကြိုက်တွေ့စရာပါပဲ။
ဒီနေ့မြည်းစမ်းကြည့်မိတဲ့အထဲမှာ အကောင်းဆုံးနဲ့ စိတ်ကြိုက်အဖြစ်ဆုံးကတော့ Australian Braised Lamb Shank ဖြစ်ပါတယ်။ နူးညံ့တဲ့ဆိတ်ပေါင်သားကို အာလူးအကြေ၊ တူနီးရှားခရမ်းချဉ်သီးအနှစ်တို့နဲ့ တွဲဖက်စားရတဲ့ ဟင်းလျာဖြစ်ပါတယ်။
ဒီလိုအရသာရှိတဲ့ဟင်းလျာတွေနဲ့ တွဲဖက်သုံးဆောင်ဖို့ အတွဲအဖက်ကောင်းကောင်းဆိုရင်တော့ Penthouse မှာ ကမ္ဘာ့ဝိုင်နိုင်ငံတွေက Red Wine, White Wine နဲ့ Rose’ Wine မျိုးစုံကို ဈေးနှုန်းမျိုးစုံနဲ့ ရနိုင်ပါတယ်။
နေ့လယ်ဘက်တွေမှာတော့ a’ la carte Business Lunch Menu ကိုလည်း မှာယူနိုင်ပြီး အပြည့်အစုံမှာယူရင် ၄ မျိုးပါရှိမှာ ဖြစ်ပါတယ်။ ခံတွင်းဖွင့်စာ၊ ပါစတာ၊ အဓိကအစားအစာနဲ့ အချိုပွဲတွေပါမှာ ဖြစ်ပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ Penthouse ရဲ့ ရနံ့မျိုးစုံနဲ့ Shisha ဖြစ်ပါတယ်။ Shisha တစ်အိုးကို ကျပ် ၂၀ဝ၀ဝ နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
အစားအစာအားလုံးစိတ်ကြိုက်စားပြီးတဲ့နောက်မှာတော့ Chocolate Lava Cake နဲ့ Seasonal Fruit Tart တို့ကို မြည်းစမ်းဖြစ်ပါတယ်။ ခါးချိုချို ချောကလက်ကိတ် ပူပူနွေးနွေးမှာ ရေခဲမုန့်လေးတင်ပြီး ရောစားရတဲ့အထိ အတွေ့က ထူးခြားလှပါတယ်။ Lava Cake ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် ချော်ရည်တွေလို စီးထွက်လာမယ့် ချောကလက်အနှစ်တွေနဲ့ ရေခဲမုန့်တို့ရဲ့ ပေါင်းစပ်မှုက တစ်မူထူးခြားနေပါတယ်။ ရာသီပေါ် သီးနှံစုံရဲ့ အရသာတွေကို တစ်စုတည်းခံစားရတဲ့ Fruit Tart ကလည်း Vanilla Ice-Cream လေးနဲ့ လိုက်ဖက်လှပါတယ်။
မတူညီတဲ့ နိုင်ငံတကာက အစားအစာတွေကို ကြိုက်နှစ်သက်မယ့် ဧည့်သည်တွေအတွက်ကတော့ The Penthhouse က နောက်ထပ်အသစ်တွေကို ယူဆောင်လာပေးခဲ့ပြန်ပါပြီ။ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ မြန်မာစားဖိုမှူးကိုယ်တိုင် စားဖိုဆောင်ကို ဦးဆောင်စီမံနေပါတယ်။ မြေထဲပင်လယ်အစားအစာမျိုးစုံကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ စားသောက်ရင်း မြေနီကုန်းရဲ့ အပေါ်စီးမြင်ကွင်းကို ကြည့်ရှုဖို့ The Penthouse ကို အရောက်သွားလိုက်ကြပါ။