The West Steakhouse

west_1

west_2 west_3

west_5 west_4

west_6 west_7

The West Steakhouse

        The West ဆိုလို့ အနောက်နိုင်ငံတွေကို ခရီးသွားတဲ့အကြောင်းလို့တော့ မထင်လိုက်ပါနဲ့။ Food Magazine ရဲ့ Eating Out ကဏ္ဍအတွက် ရောက်ခဲ့တဲ့ Steakhouse လေးရဲ့နာမည်ပါ။

        The WEST STEAKHOUSE ကို ကမ္ဘာအေးဘုရားလမ်းပေါ်က ပုလဲကွန်ဒိုမှာဖွင့်လှစ်ခဲ့တာ သိပ်မကြာသေးခင်အချိန်လေးက ဖြစ်ပါတယ်။ ဦးချိုကားကားနဲ့ ကျွဲခေါင်းပုံဆိုင်းဘုတ်ကြီးက THE WEST ရဲ့ အမှတ်အသားပါ။

        ကမ္ဘာအေးဘုရားလမ်းဘက်က မျက်နှာစာမှာပဲ လွယ်လွယ်ကူကူ ရှာဖွေလို့ရမယ့် ဆိုင်နေရာအနေအထားကြောင့် ကျွန်တော်တို့အဖွဲ့ ခေါင်းစားစရာ မလိုဘဲ ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါတယ်။ အနောက်တိုင်းလက်ရာနဲ့ အလှဆင်ထားတဲ့ ဆိုင်အပြင်အဆင်နဲ့ တိုးတိုးသက်သာဖွင့်ထားတဲ့ ကျေးလက်ဂီတ သီချင်းသံစဉ် (Country Song) မြူးမြူးလေးတွေက ရောက်လာတဲ့ ဧည့်သည်တိုင်းကို ပြောင်းလဲတဲ့ စိတ်ခံစားမှုအသစ်တစ်ခု ပေးလိုက်ပါလိမ့်မယ်။

        တစ်ထပ်ခွဲပုံစံဆိုင်အတွင်းဘက်မှာ ၂ ယောက်ခုံ၊ ၄ ယောက်ခုံလေးတွေကို ဘားထိုင်ခုံမြင့်မြင့်တွေနဲ့ ခြံရံထားတဲ့ ရှည်လျားကြီးမားတဲ့ ဘားကောင်တာကြီးရဲ့အရှေ့ မှာ အစီအရီ နေရာချပေးထားပါတယ်။

        ဆိုင်တွင်း အနောက်ဘက်နံရံပေါ်မှာကတော့ THE WEST ဆိုတဲ့စာလုံးကို မီးသီးများနဲ့ပုံဖေါ်ထားပါတယ်။

        ဆိုင်အောက်ထပ်မှာ Live Music Band အတွက် ပြင်ဆင်ထားတာတွေ့ ရပြီး အင်္ဂါ၊ သောကြာ၊ စနေနေ့တွေ မှာတော့ မတူညီတဲ့အဖွဲ့တွေရဲ့ ဖျော်ဖြေမှုကို ခံစားနိုင်အောင် စီစဉ်ပေးထားပါတယ်။

        အပေါ်ထပ်မှာကတော့ ဘားပုံစံထိုင်လို့ရအောင် စီစဉ်ပေးထားတဲ့ ထိုင်ခုံမြင့်မြင့်တွေကနေ အောက်ထပ်က တေးဂီတဝိုင်းကို ကြည့်ရှုနိုင်သလို၊ ဒီခုံတန်းရဲ့ နောက်မှာတော့ အိုင်ဒီယာဆန်းတဲ့ စားပွဲထိုင်ခုံတွေကို ဒီဇိုင်းလန်းလန်းနဲ့ ခြားနားစွာတွေ့ရပါတယ်။ အပျင်းပြေကစားနိုင်မယ့် ဘောလုံးခုံနဲ့ နံရံပေါ်က Electronic Dart Board ကိုလည်း တွေ့ ရပါတယ်။ ဆိုင်မျက်နှာကြက်နေရာတိုင်းမှာ ချိတ်ဆွဲထားတဲ့ အရက်ပုလင်းဟောင်းလေးတွေကတော့ တစ်ဆိုင်လုံးရဲ့ မီးအလင်းပေးစနစ်အတွက် ဒီဇိုင်းထွင်ပြီး မီးလိုင်းဆင်ထားတာဖြစ်ပါတယ်။ အသုံးပြုလို့မရတော့တဲ့ စက်ပစ္စည်းအပိုင်းအစ (Recycle Machine Parts) တွေကနေ ပြန်လည်ဖန်တီးထားတဲ့ THE WEST ရဲ့ အမှတ်တံဆိပ် ကျွဲခေါင်းပုံကြီးတွေကလည်း ဆွဲဆောင်မှုကောင်းကောင်းနဲ့ ဖမ်းစားနိုင်ပါတယ်။ ဆိုင်ရဲ့ ပရိဘောဂတွေနဲ့ နံရံတွေမှာကတော့ အများအားဖြင့် သစ်သားကိုသာ အသုံးပြုထားတာတွေ့ရပါတယ်။

        THE WEST STEAKHOUSE ရဲ့ အစားအစာစာရင်းမှာတော့ ခံတွင်းဖွင့်စာအသုပ်ပွဲများ၊ အနောက်တိုင်းလက်ရာဟင်းချိုများ၊ Grill မျိုးစုံ၊ Pasta နဲ့ Pizza၊ THE WEST BURGERS၊ ဘီယာနဲ့လိုက်ဖက်မယ့် BEER BITES မျိုးစုံနဲ့ အချိုပွဲမျိုးစုံကိုအစုလိုက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

        ဟင်းချိုထဲမှာ French Onion Soup ကို ပထမဦးဆုံး ရွေးချယ်မြည်းစမ်းကြည့်မိပါတယ်။

        ဟင်းခတ်အစုံရဲ့ ရနံ့နဲ့ ကြက်သားပြုတ်ရည်အခြေခံထားတဲ့ အညိုရောင်ကြက်သွန်နီဟင်းချိုရည်ကတော့ ဘယ်တော့မှရိုးမသွားနိုင်တဲ့ အရသာအပြင် ဟင်းချိုခွက်တစ်ခုလုံးကို ချိစ်ဖြူးပြီးဖုတ်ပေးထားတာကြောင့် ဟင်းချိုခွက်စားပွဲပေါ်စချပေးချိန်မှာ ရတဲ့ရနံ့သင်းသင်းလေးက အရင်ဆုံးဦးဆောင်လာပါတယ်။ နူးညံ့တဲ့ချိစ် ၂ မျိုး အရသာ၊ ကြက်သွန်နံ့မွှေးမွှေးလေးက ခံတွင်းအရသာတင်မကဘဲ ရနံ့ဆွဲဆောင်မှုကြောင့် ထပ်ကာထပ်ကာ သောက်ချင်စိတ်ဖြစ်ရတဲ့ ဟင်းချိုတစ်မျိုးဖြစ်ပါတယ်။

        နောက်ထပ်ရွေးချယ်စရာတစ်မျိုးကတော့ ဟင်းရွက်အသုပ်တစ်မျိုးဖြစ်တဲ့ Garden Fresh Green Salad ဖြစ်ပါတယ်။ ဆလတ်ရွက်၊ သခွား၊ ပန်းသီးစိမ်း၊ ပဲစိမ်းလုံး တို့ရောနှောထားပြီး ပူစီနံ (Mint Leaf), ပင်စိမ်း (Basil), English Parsley တို့နဲ့ တွဲဖက်တဲ့အရွက်သုပ်ဖြစ်ပြီး Orange Dressing လေးကြောင့် တစ်ဇွန်းစားလိုက်တိုင်းမှာ လတ်ဆတ်အေးမြတဲ့အထိ အတွေ့အပြင် ပြန်လည်လန်းဆန်းတဲ့ ခံစားမှုမျိုးကိုပါရရှိစေတဲ့အတွက် အကြိုက်တွေ့မိတဲ့ အသုပ်ပွဲတစ်မျိုးဖြစ်ပါတယ်။

        စင်္ကာပူနိုင်ငံမှာ ၁ဝ နှစ်ကျော် အတွေ့အကြုံကောင်း များစွာရယူလာတဲ့ THE WEST ရဲ့ ပူးတွဲတည်ထောင်သူ မြန်မာလူမျိုးစားဖိုမှူးရဲ့ လက်ရာများစွာထဲကနေ နောက်ထပ်မြည်းစမ်းကြည့်မိတဲ့ အစားအစာကတော့ Roasted Chicken ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံက တင်သွင်းလာခဲ့တဲ့ ကြက်သားကို Rosemary ဟင်းခတ်ရဲ့ရနံ့နဲ့ ကင်ထားတဲ့ ကြက်ကင်တစ်မျိုးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အသားနူးညံ့နေပြီး အဆီကင်းစင်တဲ့ အသားဖြစ်တာပါ။ ပုံမှန်ကြက်ကင်တွေမှာ အဆီလွှာတွေကြောင့် Juicy ဖြစ်တဲ့ အထိအတွေ့ကို ရနိုင်ပါတယ်။ THE WEST STEAKHOUSE ရဲ့ ကြက်ကင်ကတော့ ပြည်ပကတင်သွင်းတဲ့ Free Range Chicken ရဲ့ အရည်အသွေးကြောင့် အဆီလုံးဝမပါဘဲ နူးညံ့တဲ့အထိအတွေ့ကို ပေးပါလိမ့်မယ်။ အဆီကင်းခြင်းကိုတော့ ပါးပါးလေးဖြစ်နေတဲ့ ကြက်သားအရေခွံညိုညိုလေးတွေက သက်သေပြပါလိမ့်မယ်။ ကြက်သား၊ ကြက်ရိုးတို့နဲ့ အချိန်ယူချက်ပြုတ်ထားတဲ့ Jus ဆော့စ်ကလည်း အရသာကိုတိုးပွားစေပြီး အတူတွဲဖက်ပေးတဲ့ Organic Potato နဲ့ အသီးအရွက်စုံသုပ်၊ ကြက်သွန်ဖြူအကင်တို့နဲ့ ပေါင်းစပ်လိုက်တော့ အာဟာရပြည့်စုံတဲ့ အကင်ပွဲတစ်မျိုးဖြစ်သွားပါတယ်။ ထူးခြားတဲ့အရသာနဲ့ တစ်ယောက်စာမက လောက်ငှစွာ သုံးဆောင်နိုင်တာကြောင့် ရွေးချယ်သင့်တဲ့စာရင်းထဲမှာ မှတ်ထားသင့်ပါတယ်။

        Niman Ranch ဆိုတာကတော့ အရည်အသွေးမြင့် အသားထုတ်ကုန်တွေရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။

        ဝက်သားကြိုက်သူတွေအတွက်ကတော့ Niman Ranch ရဲ့ ဝက်လိုင်းသားကင်က မြည်းစမ်းကြည့်သင့်တဲ့ အကင်ပွဲတစ်မျိုးဖြစ်ပါတယ်။ အဆီလွှာပါးပါးလေးသာပါပြီး ကင်ထားတဲ့အသားကတော့ လတ်ဆတ်တဲ့အရသာနဲ့ နူးညံ့မှုကိုပူပူလေးအချိန်မှာ သုံးဆောင်ရင် အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။

        Pork Jus ဆော့စ်လေးပါ ဖြန်းပေးထားပြီး၊ အာလူးခြေပြီးသားလေးနဲ့ အသီးအရွက်တွေကို ဆီပူတိုက်ထားတဲ့ အတွဲအဖက်ကလည်း တစ်မျိုးထူးခြားတဲ့ အရသာနဲ့ အာဟာရပေါင်းစပ်ပုံဖြစ်ပါတယ်။

        သောက်စရာ စာရင်းမှာတော့ Tap နဲ့ Bottled Beer မျိုးစုံ၊ ကောက်တေးနဲ့ မောက်တေးမျိုးစုံအပြင် အရက်ပြင်းများကိုလည်း စာရင်းထဲမှာ စုံနေအောင် ထည့်ပေးထားပါတယ်။

        THE WEST STEAKHOUSE ရဲ့ အစားအစာ စာရင်းထဲက အစားအသောက်တွေနဲ့ လိုက်ဖက်မယ့် Drink များကို ရှာဖွေမျှဝေပေးရမယ်ဆိုရင် THE WEST’s Signature Flavor Beer ကို အရင်ဆုံးညွှန်ပြချင်ပါတယ်။ နေ့တိုင်း အမျိုးသမီးများအတွက် ပုံစံတစ်မျိုး၊ အမျိုးသားများအတွက် ပုံစံတစ်မျိုးစီစဉ်ထားတဲ့အတွက် ရောက်တဲ့နေ့တိုင်း မတူညီတဲ့ Flavor Beer ကို မှာယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရောက်တဲ့ရက်မှာ မြည်းစမ်းခဲ့ရ တဲ့ Flavor Beer တွေကတော့ အမျိုးသမီးများအတွက် Refreshing Kiwi နဲ့ အမျိုးသားများအတွက် Citron Mur Thyme, Heineken ဖြစ်ပါတယ်။

        နောက်ထပ်မြည်းစမ်းကြည့်သင့်တာက Pepper Mint Coffee ဖြစ်ပါတယ်။ ကော်ဖီအရသာနဲ့ ပူရှိန်းရှိန်း အရသာ ၂ မျိုးနဲ့ လန်းဆန်းသွားစေမယ့် Drink လည်း တစ်နေကုန်စိတ်ပင်ပန်းမှုတွေကြားမှာ အလုပ်လုပ်ခဲ့ရပြီးရင်တော့ သင့်တော်မယ်လို့ ထင်ပါတယ်။

        THE WEST STEAKHOUSE မှာ စိတ်ကြိုက်အချိုပွဲကို ပြပါဆိုရင်တော့ Classic French Chocolate Mousse ကိုပဲ ညွှန်းဆိုချင်ပါတယ်။ Caramelized Banana Espuma ရဲ့ ချိုချိုမွှေးမွှေးအရသာကို အငန်ဓာတ်ပါးပါးနဲ့ ခပ်ဆိမ့်ဆိမ့် Cream Cheese Foam နဲ့ရောပြီး ကျေနပ်စရာ အရသာကို စတော်ဘယ်ရီချပ်ပါးပါးလေးတွေရဲ့ ချဉ်ပြုံးပြုံးအရသာက ပေါင်းစပ်ပေးပါတယ်။ ဒါ့အပြင် နှမ်းဖြူလေးများ ဖြူးထားတာကြောင့် တဖောက်ဖောက်ကိုက်ဝါးရတဲ့ မတူညီတဲ့ အထိအတွေ့မျိုးလည်း ရရှိတာကြောင့် Texture စုံလင်လှတဲ့ အချိုပွဲတစ်မျိုးဖြစ်လို့ အကြိုက်တွေ့ခဲ့ပါတယ်။

        မြန်မာလူမျိုးစားဖိုမှူးကြီး ကိုရဲလင်း အထူးတီထွင်ထားတဲ့ Chef Weekly Special Menu များကိုလည်း အွန်လိုင်းမှာရှာဖွေကြည့်ရှုပြီး ကြိုတင်မှာယူနိုင်တယ်လို့ သိပါတယ်။ THE WEST STEAKHOUSE မှာ နာမည်ကြီး ဝိုင်အမျိုးအစားများ၊ CHAMPAGNE များကိုလည်း ရနိုင်ပါတယ်။

        ကဲ ပရိသတ်ကြီးရေ လှပတဲ့ညနေခင်းတိုင်းမှာ သူငယ်ချင်းမိတ်ဆွေတစ်စုရဲ့ ချိန်းဆိုတွေ့ဆုံရာ Meeting Point တစ်ခုထပ်တိုးဖို့အတွက် THE WEST STEAKHOUSE ကို ရွေးချယ်မယ်ဆိုရင်တော့ Reservation 09962 599 848 ကိုဆက်သွယ်ပြီး

လိပ်စာ

Building D, Ground Floor, No.12, Pearl Condo, Kabar Aye Pagoda Road, Bahan Tsp, Yangon, Myanmar အတိုင်း သွားရောက်နိုင်ပါတယ်လို့ တင်ပြပေးလိုက်ပါတယ်။

ဆိုင်ဖွင့်ချိန်

Sunday to Thursday 12 pm – 11 pm

Friday to Saturday 12 pm – 1 am

        Facebook မှာတော့ theweststakehouse ဆိုတဲ့ လိပ်စာနဲ့ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

သစ်ထူး (My Foodies)

Facebook Comments