Water Library French Fine Dining Restaurant & Bar

eating out_4 eating out_3 eating out_2 eating out_1

eating out_5   eating out_7

eating out_8   eating out_6

eating out_9   eating out_10

         မင်္ဂလာပါ ပရိသတ်ကြီးရှင် ပွင်လင်းရာသီရောက်လာပြီဆိုတော့ အပြင်ထွက်ပြီး သွားမယ့်စားမယ့် အစီအစဉ်လေးတွေ တန်းစီနေမှာပေါ့နော်။ ဒီလ Eating Out အစီအစဉ်ကနေ နေ့လယ်စာ၊ ညစာစားရင်း ဒါမှမဟုတ် အေးအေးဆေးဆေး Bar မှာထိုင်ပြီး Cocktail သောက်ရင်း အနားယူလို့ရမယ့် ပြည်လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာ ဖွင့်ထားတဲ့၊ နာမည်ကြားရုံနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့၊ ကားပါကင် ခပ်ကျယ်ကျယ်ရှိတဲ့ Water Library နဲ့ မိတ်ဆက်ပေးပါရစေရှင်။

          ပထမဦးဆုံး Water Library Restaurant ကို ထိုင်းနိုင်ငံ Chamchuri မြို့မှာ ၂ဝဝ၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ရဲ့ အပြင်ဆင်ဒီဇိုင်း၊ အစားအသောက်နဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မူတွေကြောင့် နာမည်ရလာခဲ့တယ်လို့ ဆိုပါတယ်။

          Water Library, Yangon ကို နှစ်ပေါင်း ၁ဝဝ လောက်ထဲက ဆောက်ခဲ့တဲ့ ကိုလိုနီရိုစတိုင်လ် အဆောက်ဦးကို ခေတ်သစ်လက်ရာများနဲ့ရောပြီး ပြုပြင်မွန်းမံကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

          ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ဖော်ရွေပြူငှာ၊ အပြုံးလေးများနဲ့ ကြိုဆိုနေတဲ့ ဧည့်ကြိုနှင့် ဝန်ဆောင်မှုဝန် ထမ်းလေးများကြောင့် စိတ်ကို ပေါ့ပါးလွတ်လပ်သွားစေပါတယ်။ ဆိုင်အပြင်ဆင်ကတော့ ရှေးဗိသုကာလက်ရာ နဲ့ ခေတ်သစ်လက်ရာနှစ်ခုကြားက ခံစားမှုမျိုးလေးရအောင် ထိန်းသိမ်းပြင်ဆင်ထားပါတယ်။ ဆိုင်ရဲ့ နံရံတွေ ပေါ်က နံရံပန်းချီများရဲ့ မူရင်းလက်ရာကတော့ ထိုင်းနိုင်ငံမှ ထိုင်းပန်းချီဆရာလေးယောက်ကနေ လက်ရာမြောက်စွာ ဆွဲပေးခဲ့ကြတာပါတဲ့။ အနုပညာရသမြောက်တဲ့ Sculpture တွေကို အခန်းတိုင်းရဲ့ နံရံတစ်ခုစီမှာ ချိတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဆိုင်ရဲ့အောက်ထပ်မှာ စားပွဲ ၁ဝ လုံးထားရှိပြီး တခြားသီးသန့်စားသုံးလိုလျှင်လည်း သီးသန့်အခန်းများလည်း ရှိပါတယ်။ အပေါ်ထပ်မှာဆိုလျှင် အခန်းကျယ်ကြီး ၂ ခန်းရှိပြီး ၁၅ ယောက်ကနေ ၂ဝ ယောက်စာ ဧည့်ခံလို့ရပါတယ်။ မင်္ဂလာဧည့်ခံပွဲ၊ စေ့စပ်ပွဲ၊ အလုပ်အစည်းအဝေးပွဲများကို သီးသန့်ကျင်းပလို့ရတာကြောင့် အဆင်ပြေပါတယ်။

          စားပွဲမှာထိုင်လိုက်တာနဲ့ ကျွမ်းကျင်ဧည့်ဝတ်ကျေပွန်သော ဝန်ထမ်းလေးက ပျူငှာစွာ လာရောက်နှုတ်ဆက်ပါတယ်။ ကိုယ့်သုံးဆောင်မယ့် ဟင်းပွဲများရောက်မလာခင် အပျင်းပြေစကားပြောရင်း စားလို့ရအောင် ကိုယ်တိုင်လုပ် လတ်လတ်ဆတ်ဆတ် အနောက်တိုင်း ပေါင်မုန့်ပူပူနွေးနွေးများနဲ့ ထောပတ်ကို အရင်သုံးဆောင်နိုင်မှာပါ။ အစားအစာစာရင်း Menu ထဲမှာတော့ အနောက်တိုင်းပြင်သစ်ပုံစံ အစားအစာများ အများဆုံး ပါဝင်ပါတယ်။ ဒါ့အပြင် Water Library ရဲ့ ဝါရင့်စားဖိုမှူးကြီး Chef Sufian Zaini က တီထွင်ဆန်းသစ်ထားတဲ့ ဟင်းပွဲတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ Chef Sufian Zaini ရဲ့ လက်ရာများထဲမှ မြည်းစမ်းဖြစ်ခဲ့တာ တွေထဲက မိတ်ဆက်တင်ပြရမယ်ဆိုရင် ပထမဦးဆုံး Cold Appetizer Menu ထဲမှ Cold Pasta အအေးစာပါ။ စားတဲ့အခါ အေးအေးလေးနဲ့ ဝါဆာဘီနဲ့ ရေညှိဆော့စ် ပါဝင်တာကြောင့် အရသာကို တိုးစေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ Warm Appetizer Menu ထဲမှ Crispy Tofu ပါ။ ဆိုင်မှာ အမှာအများဆုံး Appetizer တွေထဲက တစ်ခုလို့ဆိုပါတယ်။ ကျွန်မအကြိုက်ဆုံးလည်း ဖြစ်ပါတယ်။ Chef Sufian Zaini ကိုယ်တိုင်ပြုလုပ်တဲ့ တို့ဟူးဟာ လတ်ဆတ်ပြီး အရသာက ကျွန်မစားနေကျ တိုဟူးများနဲ့မတူအောင် ကောင်းမွန်ပါတယ်။ အပြင်က ကြွပ်ရွနေအောင် ကြော်ထားပြီး အထဲက နူးနူးအိအိလေးပါ။ ဘဲအသည်းဆော့စ်နှင့် အတူတွဲပြီးစားသုံးရတဲ့ အရသာလေးကို ဘယ်တော့မှ မေ့မှာမဟုတ်တာကြောင့် ဆိုင်ရောက်ရင် စားဖြစ်အောင် စားစေချင်ပါတယ်။ အဓိကအစားအစာ Main Course Matsusaka A3 ကတော့ Medium Rare လုပ်ထားတဲ့ အမဲသားဟာ နူးညံ့မှုရှိပြီး Yuzu Kosho Jus ဆော့စ်တစ်မျိုး၊ Mash Potato တို့နဲ့အတူ တွဲဖက်သုံးဆောင်ရပါတယ်။ နောက် Main Course တစ်မျိုးကတော့ Chilean Seabass (ငါးဟင်းလျာ)ပါ။ အသားမစားသူတွေအတွက် သင့်တော်မယ်ထင်ပါတယ်။ ငါးအသားက နူးညံ့မူရှိပြီး ငါးအရေခွံကတော့ အနည်းငယ်ကြွပ်ရွတာလေး ခံစားရပါတယ်။ Ponzu Butter Emulsion ဆော့စ်တစ်မျိုးရယ် သံပရာရနံ့အရသာလေးရယ် တွဲဖက်စားရတာကြောင့် ခံတွင်းတွေ့စေမယ်လို့ ထင်ပါတယ်။ Maincourse တွေ ပြီးလို့ နောက်ဆုံးအချိုပွဲတွေကလည်း အမှတ်တရရှိစေမဲ့ အဆုံးသတ်လေးတွေပါ။ Apple Tarte Tatin နဲ့ Molten Chocolate များကို မြည်းစမ်းခဲ့ပါတယ်။ Apple Tarte Tatin က ပန်းသီးအရသာ ချိုချဉ်နဲ့အတူ Tart အသားကတော့ ထောပတ်အရသာကဲပြီး Crispy ကြွပ်ကြွပ်ရွရွလေးပါ။ တွဲဖက်စာသုံးရန် ဗနီလာရေခဲမုန့် ပါဝင်ပါတယ်၊၊ Molten Chocolate Cake က ချော်ရေစီးသလို ချောကလက်အရည်လေးတွေက ထွက်လာတာကို ဗနီလာရေခဲမုန့်၊ ဘယ်ရီသီးအချဉ်နဲ့ တွဲစားလိုက်တော့ တကယ်ကိုပြည့်စုံတဲ့ အဆုံးသတ်ဖြစ်တာကြောင့် မြည်းစမ်းကြည့်စေချင်ပါတယ်။ Water Library ရဲ့ နောက်ထပ် Menu တွေကတော့ Sunday Brunch ဖြစ်ပါတယ်။ Sunday Brunch မှာ Eggs ကို ၇ မျိုး၊ French Toast ၂ မျိုး၊ Pancakes ၃ မျိုး၊ Sandwiches ၃ မျိုး ရရှိနိုင်ပါတယ်။ Monday ကနေ Saturday အထိ Business ၂ မျိုး (သို့) ၃ မျိုးလည်း ရှိပါတယ်။ ဈေးနှုန်းတွေကတော့ ၂ မျိုး USD 30 နဲ့ ၃ မျိုးကို USD 35 ပါ။ Water Library ရဲ့ Bar Promotion ကတော့ အလုပ်ပြီးလို့ ညနေ ၅ နာရီ က ၇ နာရီအတွင်း After Work Promotion . . . One On You, One On Us ပါ တဲ့။

          ပရိသတ်ကြီးရေ ကျွန်မ လေ့လာမြည်းစမ်းခဲ့သလောက်တော့ အားလုံးကျေနပ်စရာပါ။ အဆာပြေစာ၊ အဓိကဟင်းပွဲနဲ့ အချိုပွဲတစ်ခုချင်းဆီရဲ့ အပြင်အဆင်လေးတွေက ပန်းချီကားတစ်ချပ် ပုံဖော်ထားသလို သေသပ်လှပလှပါတယ်။ ဟင်းပွဲတစ်ပွဲစီရဲ့ အရသာက လျာပေါ်စွဲငြိပြီး လက်က မချနိုင်၊ ဆက်စားချင်လောက်အောင် ကောင်းပါတယ်။ ကြိုတင် နေရာမှာယူထားချင်တယ်ဆိုရင်တော့ လိပ်စာလေးနဲ့ ဖုန်းနံပါတ်လေး မှတ်ထားနော်။

No. 83/95, Corner of Manawhari and Pyay Road, Dagon Township, Yangon. Tel : 01221721, 214361

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ။

SyiLwin (Foods Garden)

Facebook Comments