School Lunch Box

by May’s Healthy Food

          Food Magazine ကို လစဉ် စောင့်မျှော်အားပေးကြတဲ့ ပရိသတ်အားလုံး မင်္ဂလာပါရှင်။ Kitchen for Kids အစီအစဉ်အတွက် ဒီလမှာတော့ May Healthy Food  ကနေ ထမင်းဘူး ပြင်ဆင်နည်းလေးကို ပြောပြပေးမယ်နော်။ ထမင်းဘူးပြင်တဲ့အခါ နည်းနည်းနဲ့ အာဟာရပြည့်တာကို ရွေးချယ်စီစဉ်ပေးဖို့ လိုပါတယ်။ မေမေတို့အနေနဲ့ ကလေးထမင်းဘူးအတွက် စဉ်းစားရတာလည်း ခေါင်းနောက်မှာ အမှန်ပါပဲ။ နေ့စဉ် ထမင်း ဘူးမှာ  ထည့်ပေးသင့်တာကတော့ ကာဗိုဟိုက်ဒရိတ်၊ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ရပါမယ်။ မနက် ထည့်ပေးမယ့် ကုန်ကြမ်းပစ္စည်းတွေကို ညကတည်းက အဆင်သင့်ပြင် ဆင်ထားမယ်ဆိုရင် မနက်ထမင်းဘူးအတွက် အချိန်ကုန် သက်သာစေမှာပါ။ ထမင်းဘူးအတွက် ပြင်ဆင်ရအောင်နော်။

လိုအပ်သောပစ္စည်းများ

ကြက်ဥအနှစ်  –  ၁ လုံး

Bulgogi Sauce

ဝက်သား  –  ၁၀ ကျပ်သား

နှမ်း

ချက်ပြီးသားထမင်း  –  ဟင်းချိုပန်းကန် ၁ လုံးစာ

ပန်းရောင်ဆား  –  အနည်းငယ်

ပြောင်းဖူးအသေး  –  ၄ ခု

ဗိုလ်စားပဲသီး  –  ၄ တောင့်

ဆီ  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ရေညှိ

ဂျပန်ဟင်းချက်အရက် (မထည့်လည်းရပါတယ်)

နှမ်းဆီ

ဝက်သားအတွက်

          ဝက်သားကို ဆား၊ ငရုတ်ကောင်း၊ ဂျပန်ဟင်းချက်အရက် အနည်းငယ်စီထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညနှပ်ထားပါ။

          မနက်ထမင်းဘူးပြင်ခါနီးမှာ ဒယ်အိုးထဲ ဝက်သားထည့်၍ ရေအနည်းငယ်ထည့်ပြီး ပြုတ်ပါ။ ရေခန်းပြီး ဝက်သားနူးလျှင် Bulgogi Sauce ထမင်းစားဇွန်း ၁ ဇွန်း၊ ထောပတ် ထမင်းစားဇွန်း သုံးပုံတစ်ပုံထည့်မွှေပြီး မီးပိတ်ကာ နှမ်းဖြူးပါ။

ထမင်းအဝါအတွက်

          ကြက်ဥအနှစ်နှင့် ဆားအနည်းငယ်ကို  ချက်ပြီးသား ထမင်းဖြင့် နယ်ပြီး ဆီအနည်းငယ်ဖြင့် ဒယ်အိုးထဲထည့်၍ ၅ မိနစ်ခန့် ကြော်ပြီး ပန်းကန်လုံး ၁ လုံးထဲ ထည့်ထားပါ။

ထမင်းညိုအတွက်

          ချက်ပြီးသားထမင်းကို Bulgogi Sauce နှင့် နှံ့အောင် ဖွဖွနယ်ပြီး ဆီအနည်းငယ်ဖြင့် ဒယ်အိုးထဲထည့်၍ ၅ မိနစ်ခန့်ကြော်ပြီး ပန်းကန်လုံး ၁ လုံးထဲ ထည့်ထားပါ။

ဟင်းသီးဟင်းရွက်အတွက်

          ပြောင်းဖူးအသေး၊ ဗိုလ်စားပဲသီးကို သန့်စင်ပြီး ရေနွေးဆူဆူထဲ ၁၀ မိနစ်ခန့် ပြုတ်၍ ပြန်စစ်ပြီး ရေခဲရေမှာ စိမ်ထားပါ။

ထမင်းဘူးပြင်ရန်

၁။       ထမင်းဝါ၊ ထမင်းညိုကို ကြိုက်နှစ်သက်ရာ ထမင်းပုံဖော်ခွက်ထဲထည့်ပြီး ပုံဖော်ပါ။ မျက်စိ၊ နှာခေါင်းလေးတွေအတွက် ရေညှိကိုညှပ်ပြီး ကပ်ပါ။ ဝက်ဝံညိုလေးမျက်နှာကိုတော့ ထမင်းဖြူကို သုံးထားပါတယ်။

၂။       ဝက်သားကို ပုံစံခွက်လေးထဲ ထည့်ပါ။

၃။       ဟိုတယ်ပြောင်း၊ ဗိုလ်စားပဲသီးကို သင့်တော်သလိုလှီး၍ နှမ်းဆီ၊ ဆားအနည်းငယ် ထည့်နယ်ပြီးမှ ထမင်းဘူးထဲ စီထည့်ပါ။ ချစ်စရာကောင်းပြီး အာဟာရပြည့်တဲ့ ကျောင်းထမင်းဘူးလေးရပါပြီ။ နောက်လတွေမှာလည်း ကလေးကျောင်းထမင်းဘူးအတွက် အလျဉ်းသင့်သလို အကြံဥာဏ်လေးတွေ ပေးရင်း ရေးပေးပါဦးမယ်နော်။

Facebook Comments