
by May’s Healthy Food for Food Magazine
ဒီလတော့ ပါစတာကို စားနေကျပုံစံ မဟုတ်ဘဲ ခံတွင်းလိုက်မယ့် ပုံစံမျိုးလေး ပြောင်းလဲချက်ကြည့်ရအောင်။ အိမ်က ကလေး ထမင်းမစားလို့ စိတ်ညစ်တတ်ကြတဲ့ မေမေတို့ကို ပြောချင်တာက ထမင်းမစားရင် ဂျုံတွေကျွေးပါလို့။ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးဆိုတာ ကာဗိုဟိုက်ဒရိတ်မျိုးနွယ် တူတွေပါပဲ။ ပါဝင်မှုပမာဏတွေသာ ကွဲပြားသွားတာပါ။ ခေါက်ဆွဲပဲ စားနေတာပဲ၊ ထမင်းကျတော့ မစားဘူးဆိုရင်လည်း စိတ်မညစ်ကြပါနဲ့နော်။ May’s Healthy Food ရဲ့ ထုံးစံအတိုင်း အချိန်သိပ်မပေးရဘဲ ချက်ရတာလည်း လွယ်ကူပြီး အာဟာရပြည့်ဝတယ်ဆိုတာတော့ ပြောစရာ မလိုတော့ပါဘူးနော်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့-
ပါစတာ – ၂၀ဝ ဂရမ်
ပုစွန် – ၁၀ဝ ဂရမ်
ကင်းမွန် – ၁၀ဝ ဂရမ်
ကြက်သွန်ဖြူ – ၅ မြွှာ (နုပ်နုပ်စဉ်း)
ငရုတ်သီးခြောက် – ၂ ခု (အကြမ်းဖတ်ပုံစံ ကြိတ်ထားပါ)
ထောပတ် – စားပွဲဇွန်း ၃ ဇွန်း
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
Parsley (အမှုန့်ကြမ်း) – အနည်းငယ်
သံပရိုသီးအရည် – စားပွဲဇွန်း ၁ ဇွန်း
နံနံပင် – နုပ်နုပ်စဉ်း
ဆီ – စားပွဲဇွန်း ၁/၂ ဇွန်း
ပြုလုပ်နည်း
၁။ ရေနွေးပွက်ပွက်ဆူလျှင် ဆားအနည်းငယ်၊ ဆီ စားပွဲဇွန်း ၁/၂ ဇွန်း ထည့်ပြီး ပါစတာကို ပြုတ်ပါ။ ပါစတာရလျှင် ရေစစ်ထားပါ။
၂။ ပုစွန်နှင့် ကင်းမွန်တို့ကို သန့်ရှင်းပြီး အတုံးလေးများ တုံးထားပါ။
၃။ ထောပတ်ကို အပူပေးပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်ထည့်ပါ။ မွှေးလာပြီဆိုလျှင် ပုစွန်နှင့် ကင်းမွန်ထည့်ပါ။
၎။ သံပရိုသီးအရည်ထည့်ပြီး ပုစွန်နှင့် ကင်းမွန်ကျက်အောင် ချက်ပါ။
၅။ ကျက်ပြီဆိုလျှင် ခေါက်ဆွဲထည့်မွှေပါ။ ဆား အနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ Parsley (အမှုန့်ကြမ်း)နှင့် နံနံပင် (နုပ်နုပ်စဉ်း) တို့ကို ထည့်ပြီး ၁ မိနစ်ခန့်နေလျှင် ရပါပြီ။
* ကလေးတွေအတွက်မို့ ငရုတ်သီးခြောက် မစပ်တာကို သုံးပေးပါနော်။ မထည့်လည်း ရပါတယ်။ ကလေးတချို့က ပင်လယ်စာ အက်လက်ဂျီရှိတတ်တာမို့ ဂရုစိုက်ပါနော်။