Shrimp Ball

by May’s Healthy Food

          Food Magazine ပရိသတ်ကြီးအားလုံး မင်္ဂလာနှစ်သစ်ပါနော်။ ဒီလတော့ ဂျပန်သရေစာအဖြစ် အိုဆာကာရဲ့ နာမည်ကြီး Takoyaki လို့ခေါ်တဲ့ ရေဘဝဲလုံး (Octopus Ball) ကို အသွင်ပြောင်းပြီး ကလေးတို့အကြိုက် ရေချိုပုစွန်ကိုသုံးပြီး ပုစွန်လုံး (Shrimp Ball) အဖြစ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့  မူလကတော့ ဂျပန်ချင်း၊ ကြက်သွန်မြိတ် စတာတွေကို သုံးထားပေမယ့် ကလေးစားလို့ရအောင် ပြုပြင်ထားတာမို့ ချင်းအရည်နဲ့ ကြက်သွန်ဖြူအရည်ကို ညှစ်ယူပြီး ပြုလုပ်ထားပါတယ်။

          လုပ်ရတာလည်းလွယ်ပြီး အချိန်လည်း သိပ်မကုန်ဘဲ  အာဟာရဖြစ်တဲ့ သရေစာတစ်မျိုးပါ။ အလုံးပြုလုပ်ရတာလည်း မခက်ပါဘူး။ အလုံးပုံစံပြုလုပ်နည်းကိုတော့ ကျွန်မရဲ့ May’shealthyfood (Facebook) မှာ ဗီဒီယိုတင်ထားပေးပါတယ်ရှင်။

ပါဝင်ပစ္စည်းတွေကတော့-

ကြက်သွန်ဖြူ  –  ထမင်းစားဇွန်း တစ်ဝက် (အရည် ညှစ်ပြီးသား)

ချင်းအရည် ညှစ်ပြီးသား  –  ထမင်းစားဇွန်း တစ်ဝက်

ရေနွေးဆူဆူမှာ ဆားအနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ထားသော

ပုစွန်  –  ၂၀ ခန့်

All Purpose Flour  –  ၁၂၀ ဂရမ်

Baking Powder  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်ဥ  –  ၂ လုံး

Japanese Soy Sauce  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(ဂျပန် ပဲငံပြာရည်အကြည်)

ကြက်ပြုတ်ရည်  –  ၃၆၀ မီလီလီတာ

ဆီ  –  အနည်းငယ် (အိုးကို အပူပေးသုတ်ရန်)

တွဲစားရန် ဂျပန် မရောနိစ် (Japanese Mayonnaise)

ပြုလုပ်နည်း

၁။       ကြက်ဥ ၂ လုံးကို ခလောက်ပါ။ ဂျုံ၊ Baking Powder, ဆား၊ ချင်း၊ ကြက်သွန်ဖြူအရည်၊ Soy Sauce, ကြက်ပြုတ်ရည်တို့ကိုရောပြီး အဖတ်မပါအောင် ဆန်ခါစစ်ထားပါ။

၂။       မုန့်လင်မယားအိုးပုံစံကို အသုံးပြုပါမယ်နော်။ အိုးကို အပူပေးပြီး ဆီသုတ်ကာ မုန့်နှစ်ရည်ထည့်ပါ။ ပုစွန် ထည့်ပြီး မီးအလယ်အလတ်ကိုအသုံးပြုပြီး တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်ကို အလုံးပုံစံတူ အသုံး ပြုပြီး လှိမ့်ပါ။ ၃ မိနစ်၊ ၄ မိနစ်ဆိုလျှင် ကျက်ပါပြီ။ ဂျပန်သရေစာ ရေဘဝဲလုံးကိုတော့ Takoyaki Sauce အပြင် တခြားအရာတွေနဲ့ပါ တွဲဖက်စားပေမယ့် ဒီပုစွန်လုံးလေးကတော့ ကလေးအတွက်ဖြစ်တာမို့ မရောနိစ်ကိုပဲ အသုံးပြုထားပါတယ်။

Facebook Comments