ငါးခူ၊ စောင်းလျားသီး၊ မီဆိုအနှစ် ချဉ်စပ်သောက်ဆမ်း

by ပန်းခရေ for Food Magazine

ဒီအရည်သောက်ဟင်းလေးကို ချဉ်ချဉ်စပ်စပ်လေး ချက်ထားပြီး ဟင်းရည်နောက်အောင် မီဆိုအနှစ်သုံးထားပါတယ်။ မီဆိုအနှစ်က အဲဒီလို မြန်မာဟင်းလေးနဲ့လည်း လိုက်ဖက်တယ်။ အရည်ကြည်ဖြစ်မနေဘဲ ခပ်နောက်နောက်ဟင်းရည်ရပြီး မြန်မာဟင်းမှာ မြန်မာမဆန်တဲ့ အနံ့ မျိုးလည်း ဖြစ်မသွားတတ်စေလို့ ပန်းခရေက မြန်မာဟင်းအရည်တွေမှာ တစ်ခါတစ်ရံ မီဆိုအနှစ်ကို သုံးပါတယ်။

ပါဝင်ပစ္စည်းများ

အလယ်တည်ပန်းကန်လုံး ၁ လုံးစာအတွက်

ငါးခူ၊ ငါးဥ –  ၁၀ ကျပ်သား

စောင်းလျားသီး –  ၂ လုံး

စပါးလင် –  ၁ ချောင်း

ချင်း –  လက်တစ်ဆစ်

ကြက်သွန်နီဥသေး –  ၁ လုံး

ကြက်သွန်ဖြူဥသေး –  ၁ လုံး

မီဆိုအနှစ် –  စားပွဲဇွန်း ၁/၂ ဇွန်း

ကုလားအော်ငရုတ်စိမ်းတောင့် –  ၁ တောင့်

ဆား –  လက်ဖက်ရည်ဇွန်း ၁  ဇွန်း

ရှမ်းနံနံ –  ၂ ရွက်

ချက်နည်း

ဦးစွာ အရိုးပြုတ်ရည် လီတာဝက်ကို ဆူပွက်အောင် တည်ပါ။ ဆူလာလျှင် ချင်းနှင့် ကြက်သွန်ဖြူ/နီကို ဓားပြားရိုက်ထည့်ပါ။ စပါးလင်ကို ထုစည်းထည့်ပါ။ အနံ့လေး မွှေးလာလျှင် ဆားနှင့်မီဆိုအနှစ်ခတ်ပါ။ ခဏဆူပွက်အောင်ထားပြီး ငါးခူနှင့်ငါးဥကို ခတ်ပါ။ စောင်းလျားသီး လှီးထည့်ပါ။ ၇ မိနစ်ခန့်တည်ပြီးလျှင် ရပါပြီ။ အလယ်တည်ပန်းကန်လုံး ထဲ ဟင်းတွေထည့်ပြီးမှ အပေါ်မှာ ကုလားအော်ငရုတ်စိမ်းတောင့်နှင့် ရှမ်းနံနံညှပ်ထည့်လျှင် ပူပူမွှေးမွှေးငါးချဉ်စပ် သောက်ဆမ်းရပါပြီ။

Facebook Comments