ဒေသအစားအစာ သပြုသီးချဉ်ရည်ဟင်း

by စံလွင်(ငါးဦးစီး) for Food Magazine

သပြုသီး (Elephant  Apple) ကို ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက် တို့မှာ အများဆုံးစားသုံးကြတာ တွေ့ရပါတယ်။ သပြုသီးက မိုးရာသီမှာပေါ်တဲ့ ရာသီစာ သဘာဝဟင်းလျာအသီးအနှံတစ်မျိုးပါ။ အပင်ကြီးမျိုးဖြစ်ပြီး ချဉ်ဖန့်ဖန့်အရသာရှိ ပါတယ်။ သပြုသီးရဲ့ ချဉ်ပုံချဉ်နည်း၊ အချဉ်အရသာက မရန်း၊ သရက်၊ မန်ကျည်း၊ ရှောက်၊ သံပရာသီး အစရှိတဲ့ အချဉ်အရသာနဲ့ တစ်မျိုးတစ်ဘာသာ ကွဲပြားပါတယ်။ ဒါကြောင့် သပြုသီးပေါ် ချိန်ဆိုရင် ငါးနဲ့တွဲဖက်ပြီး ဒေသအစားအစာ သပြုသီးချဉ်ရည်ဟင်းရယ် လို့ ဒေသအစား အစာအဖြစ် တခုတ်တရချက်စားကြလေ့ရှိတဲ့ ဟင်းတစ်မည်ပါ။

ပါဝင်ပစ္စည်းများ

ငါးရံ့ –  ၂၀ ကျပ်သား

သပြုသီး –  ၂ လုံး

ဆီ –  ၂  ၁/၂ ကျပ်သား

ငရုတ်သီးခြောက် –  ၃ တောင့်

ကြက်သွန်နီ –  ၂ လုံး

ကြက်သွန်ဖြူ –  ၁ လုံး

ငရုတ်သီးစိမ်းတောင့်၊ ရှမ်းနံနံ –  အနည်းငယ်

ဆား၊ နနွင်းမှုန့်၊ ငံပြာရည် –  သင့်ရုံ

ပြုလုပ်နည်း

၁။        ငါးရံ့ကို အချွဲများကင်းစင်အောင် ဆေးကြောပြီး သင့်တော်သလိုတုံး၍ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်တို့နှင့် နယ်ပြီး အရသာသွင်းထားပါ။

၂။         သပြုသီးကို ဓားထက်ထက်ဖြင့် အညှာဘက်မှ လေးစိတ်စိတ်ပါ။ သပြုသီး အလွှာဖတ်များမှာ အချွဲဓာတ်အနည်းငယ် ရှိပါတယ်။ သပြုသီးအတွင်းပိုင်းမှ ကံ့ကော်ပန်း ဝတ်ဆံပုံသဏ္ဌာန်ဝတ်ဆံများကို ဖယ်ပါ။ သပြုသီးအသီးအရင့်က အပေါ်ခွံအဖတ်များ ရင့်နေတတ်၍ ဖယ်ရှားပါ။

၃။        သပြုသီး အတွင်းခွံအဖတ်အနုများကို အနေတော်အရွယ်စိတ်ပိုင်းပြီး ဒယ်အိုးထဲ ဆားအနည်းငယ်ထည့်၍ ရေစပ်စပ်နှင့် ၁၀ မိနစ်ခန့်ပြုတ်ပါ။ နူးလွယ်ပါတယ်။

၄။        အားလုံးအသင့်ဖြစ်ပါက ဆီအိုးတည်ပြီး ငရုတ်၊ ကြက်သွန် ထောင်းပြီးသား အရောကို ဆီသတ်ပါ။ ရွှေရောင်သန်းလာလျှင် ငါးအသားများကို ထည့်မွှေ၍ လုံးရေကလေး ဖျန်းပြီး ဆီပြန်အောင် အဖုံးအုပ်ချက်ပါ။

၅။        ဟင်းအိုးဆီပြန်လာက သပြုသီးပြုတ်များထည့်၍ ရေမြုပ်ရုံထည့်ပြီး ချက်ပါ။ ဟင်းအိုးပွက်ပွက်ဆူပါက အပေါ့အငန်မြည်း၍ ငရုတ်သီးစိမ်းခွဲခြမ်းနှင့် ရှမ်းနံနံ အုပ်ပြီး မီးဖိုမှ ချပါ။ အချဉ်ပြေပြေကလေးနှင့် အရသာထူးခြားတဲ့ ငါးရံ့သား

သပြုသီးချဉ်ရည်ဟင်းက စားရန် အသင့်ဖြစ်ပါပြီ။

Facebook Comments