သီးနှံစုံပဲပုပ်ဟင်းရည် (သက်သတ်လွတ်)

by ပန်းခရေ for Food Magazine

ဒီဟင်းရည်လေးကတော့ သက်သတ်လွတ်စားသူတွေအတွက် အဆင်ပြေသလို စားခါနီးမှ လွယ်လွယ်ကူကူဟင်းရည်သောက် စီစဉ်ချင်ရင်လည်း အဆင်ပြေပါတယ်။ အိမ်မှာ အလွယ်တကူရှိနေတဲ့ သီးနှံလေးတွေနဲ့ ချက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြား –  ၁ တုံး

ဝဥ –  ၅ ကျပ်သား

ဂျုံငါးဖယ် –  ၁၀ လုံးခန့်

ရွှေပဲ –  ၁၀ တောင့်

မုန်လာဥနီ –  အနည်းငယ်

မှို –  အနည်းငယ်

ပန်းပွင့် –  အနည်းငယ်

ပြောင်းဖူး –  အနည်းငယ် (လှီးထည့်ပါ)

ပဲပုပ် –  ၁ ချပ်

ချင်း –  လက်တစ်ဆစ်

ကြက်သွန်ဖြူ –  ၁ လုံး

ကြက်သွန်နီသေးသေး –  ၁ လုံး

ဆား –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပဲပုပ်တစ်ချပ်ကို မွှေးနေအောင် မီးကင်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနှင့်အတူ ရောထောင်းထားပါ။ ရေလီတာဝက် ဆူပွက်လာလျှင် ထောင်းထားတဲ့ ပဲပုပ်များ ထည့်ပါ။ ဆားနှင့် သကြားထည့်ပါ။ ကြက်သွန်ဖြူ/နီ အစိမ်းနံ့ပျောက်ပြီး မွှေးလာလျှင် သီးနှံများထည့်၍ ခဏ အဖုံးအုပ်ပြီး မီးရှိန်ပြင်းပြင်းနှင့် ၅ မိနစ်ခန့် တည်ပါ။ သီးနှံများ ပျော့ပြဲသွားလျှင် အရသာ ပျက်တတ်ပါတယ်။ အလယ်တည်ပန်းကန်လုံးထဲ ခပ်ပြီး ပင်စိမ်းလေးအုပ်လိုက်လျှင် ဆီမပါဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံစုံပဲပုပ်ဟင်းရည်လေး ရပါပြီ။

Facebook Comments